ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ မဟာသမယအခါတော်နေ့ အခမ်းအနားများကျင်းပ

ရန်ကုန်    ဇွန်   ၂၁

 

၁၃၈၆ ခုနှစ် နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများ သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ကြသည်။

 

ထို့နောက် ‌ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင်၊ သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တကဉ္စနထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိက ဇယမင်္ဂလာ အနုမောဒနာ စာတမ်းလွှာကို လျှောက်ထားသည်။

 

ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူ ဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ..အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရ ဒါဘိဝံသထံမှ အနု မောဒနာတရား နာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ဆက်လက်၍ စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှ စတင်၍ နယုန်လပြည့် မဟာသမယ အခါတော်နေ့ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များက  ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဘုရားဖူး ပြည်သူများနှင့်အတူ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်း၌ စိန်ရောင် ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ် ဗြဟ္မာများကို ဖိတ် ကြားခြင်း၊ ရွှေတိဂုံ ဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ် ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည် ပို့ဆောင်ခြင်းတို့ ဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အလားတူ သီရိမင်္္ဂလာ ကမ္ဘာအေး စေတီတော်ကြီးတွင်လည်း ၁၃၈၆ ခုနှစ်၊ နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါစေတီတော် အာရုံခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေး ၀တ်အသင်းအဖွဲ့များက နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ကမ္ဘာအေးဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ် ပါဠိတော်ကို စုပေါင်းရွတ်ဖတ် ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့  ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုကိုဇော် (MNA)