ရေတွင်းများရေခန်းခြောက်၍ သောက်သုံးရေရှားပါးနေသော တမူးမြို့နယ်အတွင်းရှိ ရန်ငြိမ်းအောင်ကျေးရွာသို့ရေဂါလန် ၂၄၀ဝ ဖြန့်ဝေပေး

တမူး  ၁၆ မေ  

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးခရိုင်  တမူးမြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု ရန်ငြိမ်းအောင်ကျေးရွာတွင်  နွေကာလ အပူရှိန်မြင့်တက်နေ၍ ရေတွင်းများ ရေခန်းခြောက်လာကာ သောက်သုံးရေ ရှားပါးပြတ်လပ်နေ၍ ယနေ့နံနက်ပိုင်းက သောက်သုံးရေ ဂါလန် ၂၄၀ဝ ဖြန့်ဝေပေးခဲ့ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း၏ ပြောပြချက်အရ သိရသည်။

 

1

 

ယနေ့နံနက် ၇နာရီက ရန်ငြိမ်းအောင် ကျေးရွာရှိ အိမ်ခြေ ၆၃ အိမ် လူဦးရေ ၂၉၄ ဦးတို့အား ရေဂါလန် ၂၄၀ဝ ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်နှစ်စီးဖြင့် ကျေးရွာအရောက် သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရန်ငြိမ်းအောင် ကျေးရွာတွင် ရေတွင်း ၁၇တွင်းရှိသော်လည်း နေ့စဉ်အပူချိန်မြင့်တက်နေ၍ ရေတွင်းများရေခန်းခြောက်လာကာ သောက်သုံးရေ ရှားပါးပြတ်လပ်နေကြောင်း သတင်းရရှိသဖြင့် ယခုလို သောက်သုံးရေများလာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောပြသည်။

အဆိုပါကျေးရွာတွင် ထပ်မံ၍ရေရှားပါး ပြတ်လပ်မှုများ မရှိစေရေးအတွက် ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ်တွင် လေးလက်မ အဝီစိစက်ရေတွင်းတစ်တွင်းအား ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေများဖြင့် တူးဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တမူးမြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေရှားပါးပြတ်လပ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနသို့ တင်ပြအကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)