ရေဝပ်ဒေသဂေဟစနစ် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် လူသားတို့ကို အကျိုးပြုရုံမက သဘာဝဘေးမှလည်း ကာကွယ်နိုင်

 

သိန်းညွန့် (PZL)

 

ရေဝပ်ဒေသဂေဟစနစ်သည် လူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် အဓိကအရေးပါသည်။ သဘာဝဘေးအန္တရာယ်၊  ရေကြီးရေလျှံမှုများနှင့် အစားအစာနှင့် ရေချိုထောက်ပံ့ပေးသော စနစ်ဖြစ်၍ မရှိမဖြစ် ဂရုပြုကြရမည့် အကြောင်းကိစ္စတစ်ရပ်ပင် ဖြစ်ချေသည်။

 

မြန်မာနိုင်ငံ၏ ပထဝီအနေအထားကို ရှုကြည့်ဆင်ခြင်လိုက်ပါက တောင်တန်းဒေသတစ်လွှား
ရေဝပ်ဒေသ၊ ရေချိုအင်းအိုင်ကန်များ၊ ဒီရေတော၊ လတာပြင်နှင့် သန္တာကျောက်တန်းကဲ့သို့သော ပင်လယ်ကမ်းရိုးတန်းဒေသအဖုံဖုံတို့ဖြင့် အမယ်စုံ တည်ရှိနေသည်။

 

ရမ်ဆာရေဝပ်ဒေသများ

 

နိုင်ငံတစ်ဝန်း ရမ်ဆာရေဝပ်ဒေသများအဖြစ် ဧရိယာစုစုပေါင်း ၂၇၈၆၇၉ ဟက်တာကို သတ်မှတ် ထားရာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ ပါဝင်ကြသည်။

 

ထိုမျှသာမက အင်းလေး​​ကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့တွင် ရေဝပ်ဒေသများ ဖြစ်တည်လျက်ရှိရာ မုတ္တမပင်လယ်ကွေ့သည်လည်း အထင်ကရ ပါဝင်ကြောင်း သိမှတ်ရသည်။

 

mdn

 

အချိန်နှင့်အမျှ ပြောင်းလဲနေ

 

စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် ရန်ကုန်မြစ်တို့ ဆုံဆည်းရာ မုတ္တမပင်လယ်ကွေ့ဒေသသည် ရေတက်ရေကျမြန်ဆန်လှသည်။ တစ်နည်းဆိုရပါသော် အချိန်နှင့်အမျှ ပြောင်းလဲနေသော ရေချို၊ ရေငန်စပ် ဒေသတစ်ခုပင် ဖြစ်ပေသည်။

 

ပင်လယ်ဒီရေကျဆင်းသွားချိန်တွင် ကျယ်ပြောလှသော ရွှံ့နွံလတာပြင်များ ဖြစ်တည်နေပေရာ ကမ္ဘာတစ်လွှား ထင်ရှားသောလတာပြင်များအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

 

မုတ္တမပင်လယ်ကွေ့၏ တည်ရှိရာရပ်ဝန်းကို ခြုံငုံစေ့ငုလိုက်ပါက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ ပင်လယ် ကမ်းရိုးတန်းဧရိယာ ဟက်တာ ၄၅၂၀၀ ရှိရာ ကနဦး ရေဝပ်ဒေသအဖြစ် ၂၀၁၇ ခုနှစ် မေ ၁၀ ရက်တွင် သတ်မှတ်ခဲ့သည်။

 

တိုးချဲ့ဧရိယာအဖြစ် ထပ်မံသတ်မှတ်

 

၂၀၂၀ ပြည့်နှစ်တွင်မူ သထုံ၊ ပေါင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝနှင့် သနပ်ပင် မြို့နယ်အပါအဝင် ဧရိယာဟက်တာ ၁၆၁၀၃၀ ကို တိုးချဲ့ဧရိယာအဖြစ် ထပ်မံသတ်မှတ်ခဲ့သည်။

 

ကမ္ဘာတစ်ဝန်း ရွှံ့နွံလတာပြင်ဒေသ၏ ထူးခြားချက်ဂုဏ်ဒြပ်မှာ နေထိုင်ကျက်စားကြသော ကျောရိုးမဲ့သတ္တဝါများ(Zoo Benthos)နှင့် အပင် မျောလေးများ(Phytoplankton) ပေါကြွယ်လှသော နေရာအဖြစ်လည်း သိမှတ်ရသည်။

 

ဆောင်းခိုရေပျော်ငှက်များ မြူးထူးပျော်စံ

 

ထို့အပြင် ငါးမျိုးစိတ်များ ရှင်သန်ပေါက်ပွားရေးနှင့် ကမ္ဘာ့မြောက်ဝင်းရိုးစွန်းမှ ဆောင်းခိုရေပျော် ငှက်များ လာရောက်မြူးထူးပျော်စံကြရာ အရေး ပါသောဒေသကြီးပင် ဖြစ်သည်။

 

နှစ်စဉ် အောက်တိုဘာလမှအစပြုကာ ဧပြီလအတွင်း မျိုးသုဉ်းလုနီးအန္တရာယ်ရှိသော မျိုးစိတ် ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် အခြားမျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော ငှက်မျိုးစိတ် အပါအဝင် ကောင်ရေ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ ခန့် အထိ လာရောက်ဆောင်းခိုကြလေ့ရှိသော ဒေသဖြစ်သည်။

 

mdn

 

ဦးတည်ကြိုးပမ်း

 

မြန်မာနိုင်ငံသည် ရေဝပ်ဒေသများ ထိန်းသိမ်းရေးဆိုင်ရာ ရမ်ဆာကွန်ဗေးရှင်း (Ramsar Convention)သို့ ၂၀၀၅ ခုနှစ်က အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ရေဝပ်ဒေသထိန်းသိမ်းရေး လုပ်ငန်းများကို ဒေသအဆင့်၊ နိုင်ငံအဆင့် ပိုမိုထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဦးတည်ကြိုးပမ်းခဲ့သည်။

 

မုတ္တမပင်လယ်ကွေ့ဒေသသည် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့် ရေညှောင့် နှုတ်ဝိုင်းငှက် အကောင်ရေ ၂၀၀ မှ ၂၅၀ ခန့် နှစ်စဉ် လာရောက်ဆောင်းခိုကြကြောင်း သိမှတ်ရသည်။

 

မဖြစ်မနေထိန်းသိမ်းကာကွယ်ရမည့်ရပ်ဝန်းတစ်ခုဖြစ်

 

ဧရာဝတီလင်းပိုင်များ ကျက်စားရာ နေရာလည်း ဖြစ်သလို မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့ နေရသော နော့ငှက်၊ ခြေစိမ်းပြောက်၊ နှုတ်သီး ကောက်ကြီး၊ နော့နီ၊ ငှက်ကျား၊ ခရုစုပ် ခေါင်းမည်း များ ရေရှည်ကျက်စားနိုင်ရန် မဖြစ်မနေ ထိန်းသိမ်း ကာကွယ်ရမည့်ရပ်ဝန်းတစ်ခုလည်း ဖြစ်သည်။

 

ခြုံငုံဖော်ပြပါရလျှင် မြန်မာနိုင်ငံတွင် တည်ရှိသော မုတ္တမပင်လယ်ကွေ့ဒေသ ဂေဟစနစ် ရေရှည် တည်တံ့နိုင်ရေး၊ ရှားပါးမျိုးစိတ်များ ရှင်သန်နိုင်ရေး အထောက်အပံ့ပြုလျက်ရှိသော ဒေသထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သမှု ပြုကြရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်အတူ ဒေသခံ ပြည်သူများ၏ ပူးပေါင်းမှုကို မလွဲမသွေ လိုအပ်လျက် ရှိကြောင်း စေ့ငုတင်ပြ နှိုးဆော်တိုက်တွန်းလိုက်ရ ပါသည်။