ရေဝပ်ဒေသများတည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည်တည်ထောင်ထိန်းသိမ်းစို့

 

သစ်တောမောင်

 

ရေဝပ်ဒေသများ

 

ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ခြောက်မီတာထက် ပိုမနက်သည့် အဏ္ဏဝါရေပြင်များ အပါအဝင် ရေသေသို့မဟုတ် စီးဆင်းနေသော  ရေချို၊  ရေငန်၊  ဆားငန်ရေများ ရှိသော ယာယီ  သို့မဟုတ်  အမြဲတမ်းရှိနေသော  သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွံ့နွံမြေ၊ သစ်ဆွေးမြေ၊  စိမ့်မြေနှင့်  ရေပြင်ဧရိယာများကို ခေါ်ဆိုသည်။ ရေဝပ်ဒေသများကို ပင်လယ် ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ် ဒေသများဟူ၍ သုံးပိုင်းခွဲခြားထားသည်။ ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန် နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ် သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုး တန်းဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာ များ စသည့်နေရာများပါဝင်သည်။

 

ရေဝပ်ဒေသများ၏ အရေးပါမှုများ

 

ရေဝပ်ဒေသများသည် လူသားများအတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှု တိုးပွာ ပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊ ရေကြီး ခြင်း၊ ရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ် များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များ အပါအဝင်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချို များပံ့ပိုးပေးခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသည့်ရေထွက် ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန် မွေးမြူရေးစသည့်လုပ်ငန်းများအတွက် အထောက် အပံ့ပြုပြီး စားရေရိက္ခာဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက် ရှိသည်။

 

နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများ

 

ရေဝပ်ဒေသများသည် နိုင်ငံတစ်နိုင်ငံချင်းစီအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ရာသီဥတု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေးအတွက်လည်း အထူးအရေးပါ သည့်အလျောက် တစ်ကမ္ဘာလုံးအဆင့် ရေဝပ်ဒေသ များ ဝိုင်းဝန်းထိန်းသိမ်းကြရန်အတွက် “ရေဝပ် ဒေသများကွန်ဗင်းရှင်း (Convention on Wet- lands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar)၌ ဖွဲ့စည်း ခဲ့သည်။ ယနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၄၇၁ ခု၊ စုစုပေါင်းဧရိယာ ၂၅၆၁၉၂၃၅၆ ဟက်တာကို သတ်မှတ်ထိန်းသိမ်း ထားလျက်ရှိသည်။ “ရမ်ဆာရေဝပ်ဒေသများ ဟုလည်း ခေါ်ဆိုသည်။

 

ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝ အတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေ သည့် ထူးခြားရှားပါးသော ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများ ကို ထိန်းသိမ်းရန်အတွက် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသ ဖြစ်ခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၏အသက် ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကိုပေးနိုင် သော သို့မဟုတ် မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော် ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင် သော ရေဝပ်ဒေသဖြစ်ခြင်းအပါအဝင် စံသတ်မှတ် ချက် ကိုးချက်အနက် အနည်းဆုံးတစ်ချက်နှင့် ကိုက်ညီသောရေဝပ်ဒေသများကို နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ် ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေဝပ် ဒေသများအားလုံးကို အကျိုးရှိစွာ စနစ်တကျ အသုံးချခြင်း၊ နိုင်ငံတကာအဆင့်အရေးပါသည့် ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ)ကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာပူးပေါင်းမှုများဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ရေဝပ်ဒေသများ၊ အဆိုပါရေဝပ်ဒေသများရှိ သားငှက်တိရစ္ဆာန် မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရမ်ဆာရေဝပ်ဒေသကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများစီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Admini - strative Authority)အဖြစ် ရေဝပ်ဒေသထိန်းသိမ်း ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် ခဲ့သည်။ မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသများကို တည်ထောင်ထိန်းသိမ်းလျက်ရှိရာ မိုးယွန်း ကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို ၂၀၁၆ ခုနှစ်၊ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်၊ မုတ္တမ ပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း)ကို ၂၀၁၇ ခုနှစ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို ၂၀၁၈ ခုနှစ်၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ ဒေသကို ၂၀၂၀ ပြည့်နှစ်တို့တွင် နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသစုစုပေါင်း ဧရိယာ ၂၇၈၆၉၇ ဟက်တာကျော်ကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် ရေဝပ်ဒေသများစွာရှိသည့် အနက် ရမ်ဆာရေဝပ်ဒေသ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီသည့် ရေဝပ်ဒေသများ ရှာဖွေဖော်ထုတ် ပြီး ထိန်းသိမ်းလျက်ရှိရာ မန္တလေးမြို့နှင့် စဉ့်ကိုင် မြို့အနီးရှိ ပလိပ်အင်းရေဝပ်ဒေသ၊ တံတားဦးမြို့ အနီးရှိ ပျူကန်ရေဝပ်ဒေသ၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးနယ်မြေ (ဧရာဝတီမြစ် စဉ့်ကူး-ပုဂံ အပိုင်း)၊ ခန္တီးမြို့အနီး ချင်းတွင်းမြစ်အထက်ပိုင်း ဒေသတို့သည် အလွန်အရေးပါသော ရေဝပ်ဒေသများဖြစ်သဖြင့် နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ရေဝပ်ဒေသများပျက်စီးဆုံးရှုံးမှုများ

 

ရေဝပ်ဒေသများသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ ရေကြီး ရေလျှံခြင်း အပါအဝင် ရေနှင့်ပတ်သက်သော သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် စားရေရိက္ခာ ဖူလုံရေး စသည့်အကျိုးကျေးဇူးများစွာ ပံ့ပိုးပေးလျက် ရှိသော်လည်း နိုင်ငံ၏ လူဦးရေတိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဆောက်အအုံများ တိုးချဲ့လာမှု၊ အမှိုက်သရိုက်များ၊ ပလတ်စတစ်များ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ရွှေနှင့် ဓာတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများစွန့်ပစ်မှု အပါအဝင် ပတ်ဝန်းကျင်အလွန်အမင်းညစ်ညမ်းလာမှု၊ အိမ်ထောင်စုများမှ အညစ်အကြေးများ စွန့်ပစ်မှုနှင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းကာ အရည်အသွေး ကျဆင်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။

 

ဥပမာအားဖြင့် ရေဝပ်ဒေသများမှ ရေကိုအလွန်အကျွံထုတ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ရေနက်ကွင်းစိုက်ပျိုးမြေများ ဖော်ထုတ်ခြင်း၊ ရွှေနှင့် ဓာတ်သတ္တုအမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်းစသည် တို့သည် မြစ်၊ ချောင်းများ၊ အင်းအိုင်များအပါအဝင် ရေဝပ်ဒေသများအတွင်းသို့ ရေစီးဆင်းမှုနှင့် ရေဝပ် ဒေသ၏ ရေလွှမ်းလွင်ပြင်ဧရိယာများကို ပြောင်းလဲ စေပြီး ပံ့ပိုးလျက်ရှိသော ဝန်ဆောင်မှုများကို ထိခိုက် ပျက်စီးစေသည်။ မြန်မာနိုင်ငံတစ်ဝန်း အချို့သော မြို့များ၊ ဒေသများတွင် နှစ်စဉ် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ အကြောင်းရင်းအမျိုးမျိုး အနက် ရေဝေရေလဲဒေသ သစ်တောများပြုန်းတီးခြင်း၊ မြစ်ချောင်းများတိမ်ကောလာခြင်းနှင့် ရေလျှံကွင်းများ၊ ရေဝပ်ဒေသများပျက်စီးခြင်း၊ ပျောက်ကွယ်လာခြင်းသည် အဓိကအကြောင်း ရင်းတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် မြို့ပြများနှင့် ဆက်စပ်နေသော ရေဝပ်ဒေသများ၏ ရေစီးဆင်း သိုလှောင်နိုင်မှု စွမ်းရည်များ ကျဆင်းပြီး ရေကြီး ရေလျှံခြင်းများ မကြာခဏ ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီးခြင်း ကြောင့် ရေနေသတ္တဝါအမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုးစိတ်များနှင့် ရေနေအပင်များ ဆုံးရှုံး ပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရ သော ဒေသခံရေလုပ်ငန်းများ၏ လူမှုစီးပွားကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်သည်။

 

 

အမျိုးသားရေဝပ်ဒေသ မူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ

 

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ်တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ရေဝပ်ဒေသများထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန် “အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ ရေဝပ်ဒေသများကို ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးချခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင်ခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း စသည့်ရေဝပ်ဒေသမူဝါဒများနှင့်အညီ နှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲကာ ရေဝပ်ဒေသများ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ (National Wetland Committee) ကို လည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ဆောင်းခိုငှက်များနားခိုရာ ရေဝပ်ဒေသများ

 

မြန်မာနိုင်ငံသည် ဂေဟစနစ်အရ အရေးပါသော ရေဝပ်ဒေသများပေါများသဖြင့် ဌာနေဒေသမျိုးရင်း ငှက်မျိုးစိတ်များ ပေါကြွယ်ဝသကဲ့သို့ ကမ္ဘာ့အအေးပိုင်းဒေသများမှ လာရောက်ကြသော ဆောင်းခိုငှက်များကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံသည် အရှေ့အာရှ - ဩစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Austra-lasian Flyway Site Network)တွင် ကျရောက် သဖြင့် သဘာဝဂေဟစနစ်များကောင်းမွန်ပြီး အစားအစာများနှင့် နားခိုရာနေရာ ပေါများသော မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များ နှစ်စဉ်လာရောက်နားခိုကြသည်။ သစ်တော ဦးစီးဌာန၏ နှစ်စဉ် ငှက်စာရင်းကောက်ယူမှုများ အရ ၂၀၂၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလ အတွင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၅၁ မျိုးနှင့် ကောင်ရေ ၄၁၅၆၃၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၁၉ မျိုးနှင့် ကောင်ရေ ၂၇၄၄၇၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၈၇ မျိုးနှင့် ကောင်ရေ ၃၂၁၅၁ နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသ၌ ငှက်မျိုးစိတ်ပေါင်း ၁၀၃ မျိုး၊ ကောင်ရေ ၃၀၅၂ တို့ နေထိုင်ကျက်စားကြောင်း တွေ့ရှိရသည်။

 

ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ်အောက်တိုဘာလမှ ဧပြီလအထိ လာရောက်ကျက်စားကြသည်။ အဆိုပါ ငှက်မျိုးစိတ်များအနက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ် ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်းဝင်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature-IUCN) ၏ Redlist စာရင်းဝင်ဖြစ်သည့် မျိုးသုဉ်းလုနီး အန္တရာယ်ရှိနေသောမျိုးစိတ် ရေညှောင့် နှုတ်သီးဝိုင်း (Spoon–billed Sandpiper-Calidris pygmaea (CR)၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ် နော်မန်ခြေစိမ်း (Nordmann’s Green-shank-Tringa guttifer (EN)၊ နော့ (Great Knot – Calidris tenuirostris (EN)၊ မျိုးသုဉ်းရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် အမြီးနက် ဂေါ့ဒွစ်(Black-tailed Godwit – NT)များသည် မုတ္တမပင်လယ်ကွေ့၊ နံ့သာ(မေယု) မြစ်ဝ နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် တွေ့ရှိရသည်။

 

မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ် ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard - Aythya baeri (CR)၊ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် ပို့ချပ်ဘဲ (Common Pochard - Aythya ferina (VU)၊ မျိုးသုဉ်းရန်ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် ဘဲနီစပ် (Ferruginous Pochard - Aythay nyroca (NT)၊ ခရုစုတ်အနက် (Black-headed Ibis -Threskiornis melanoce-phalus (NT)၊ နှုတ်သီးကောက်ကြီး Eurasian Curlew – Numenius arquata (NT)၊ ဘဲတောင်ရှည် Falcated Duck- Anas falcate (NT) နှင့် ဌာနေ ရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက် နိုင်သောမျိုးစိတ် ကြိုးကြာခေါင်းနီ Surus Crane - Antigone Antigone (VU)၊ မျိုးသုဉ်းရန်ခြိမ်းခြောက် မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် ငှက်ကြီးဝန်ပို Spot-billed Pelican- Pelecanus philippensis (NT)၊ ဥပန်း Oriental Darter- Anhinga melano-gaster (NT) မျိုးစိတ်များအား အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများတွင် တွေ့ရှိနိုင်သည်။

 

ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)

 

ကမ္ဘာ့ရေဝပ်ဒေသများနေ့သည် ရေဝပ်ဒေသများ၏တန်ဖိုးကို မီးမောင်းထိုးပြရန်အတွက် နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် ၁၉၇၁ ခုနှစ် တွင် ချမှတ်ခဲ့သော အစိုးရအချင်းချင်း သဘောတူ စာချုပ်ဖြစ်သည့် Wetlands Convention ၏ နှစ်ပတ်လည်နေ့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံက ရေဝပ်ဒေသထိန်းသိမ်းရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ယခုနှစ်အတွက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ “ရေဝပ်ဒေသများ တည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည်တည်ထောင် ထိန်းသိမ်းစို့ (It is time for Wetland Restoration) ဖြစ်သည်။ ကမ္ဘာ့ရေဝပ်ဒေသများ၏ ၃၅ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်ယခုနှစ်၏ ဆောင်ပုဒ်သည် ရေတိမ်ဒေသများ ပြန်လည် ထူထောင်ရေးကို ဦးစားပေးလုပ်ဆောင်ရန် အရေးတကြီးလိုအပ်မှုကို မီးမောင်းထိုးပြပြီး ပျက်စီးသွား သော ရေတိမ်ဒေသများ ပြန်လည်ရှင်သန်ရန်နှင့် ပြန်လည်ထူထောင်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် မျိုးဆက်သစ်တစ်ရပ်လုံးကို တိုက်တွန်းထားခြင်းဖြစ်သည်။

 

ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်သည် ကုလသမဂ္ဂ ဂေဟစနစ်ပြန်လည်ထူထောင်ရေး ဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ကို ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အမျိုးမျိုး ပြန်လည် ထူထောင်ရေးအတွက်လည်း လှုံ့ဆော်ပေးလျက်ရှိ သည်။ ရေဝပ်ဒေသများက လူသားမျိုးနွယ်များနှင့် ကမ္ဘာမြေအတွက် အကျိုးပြုမှုများကို ပြည်သူများသိရှိနားလည်မှု တိုးမြင့်လာစေရန် ရည်ရွယ်ပြီး ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း၊ အကျိုးရှိစွာ အသိအလိမ္မာနှင့် အသုံးပြုခြင်းနှင့် ပြန်လည် ထူထောင်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် ဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်ကာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို ကျင်းပခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် ကမ္ဘာ့ရေဝပ် ဒေသများနေ့ ကျရောက်တိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်းပြီး “ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားများကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပနိုင်ခဲ့သည်။ အထူးသဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် သတင်း အချက်အလက်များကို ပြည်သူများ၊ အကျိုးဆက်စပ် ပတ်သက်သူများထံ သတင်းပါးနိုင်ရေးအတွက် သတင်းမီဒီယာအမျိုးမျိုးဖြင့်ဖြန့်ဝေခြင်း၊ ဆွေးနွေး ပွဲများ၊ ပြပွဲပြိုင်ပွဲများကျင်းပခြင်း၊ ပညာရေး အစီအစဉ်များတွင် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်း၊ ဒေသခံပြည်သူများအပါအဝင် အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းပါဝင် စေခြင်းနှင့် ရေဝပ်ဒေသဆိုင်ရာ သိမြင်နိုးကြားမှုတိုးပွားလာစေရန်ဆောင်ရွက်ခြင်း (Communicat-ion၊ Education၊ Participation and Awareness-CEPA) တို့ကို ဆောင်ရွက်လျက်ရှိသည်။

 

ရေဝပ်ဒေသများထိန်းသိမ်းရာတွင် အကောင်း ဆုံးသောနည်းလမ်း ခုနစ်သွယ်ကို အကောင်အထည် ဖော်ရန် ကမ္ဘာ့ရေဝပ်ဒေသကွန်ဗင်းရှင်းက တိုက်တွန်းထားသည်

 

(က)            

ရေဝပ်ဒေသများမှ ပံ့ပိုးထောက်ပံ့သော ဝန်ဆောင်မှုတစ်ခု သို့မဟုတ် နှစ်ခုကို သာမက အမျိုးမျိုးသော အကျိုးကျေးဇူးများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲ နိုင်ရန် စဉ်းစားဆောင်ရွက်ခြင်း၊

(ခ)    

ရေဝပ်ဒေသဂေဟစနစ်များ သဘာဝ အလျောက် ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း၊

(ဂ)             

ရေဝပ်ဒေသများထိန်းသိမ်းရာတွင် စီမံ   ချက်ရေးဆွဲခြင်းမှသည် အကောင်အထည်ဖော်သည်အထိ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊

(ဃ)  

ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးရခြင်း အကြောင်းရင်းများကို ရှာဖွေဖော်ထုတ် ဖြေရှင်းခြင်း၊ လျော့ပါးစေရန် ကန့်သတ်ခြင်းနှင့် ပင်မဧရိယာမှ ဖယ်ထုတ်ခြင်း၊

(င)

ပျက်စီးနေသော ရေဝပ်ဒေသများကို ရှင်းလင်းခြင်းနှင့် ဖြစ်နိုင်သမျှ ပြန်လည် ထူထောင်ခြင်း၊

(စ)    

ဒေသမျိုးရင်း တောရိုင်းတိရစ္ဆာန်များ၊ အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် ပြင်ပမှ မျိုးစိတ်များကို ဖယ်ရှားခြင်း၊

(ဆ)  

ရေဝပ်ဒေသများအတွင်း ဂေဟစနစ် အပေါ်မူတည်၍ ဝင်ရောက်သွားလာမှု ကန့်သတ်ဧရိယာများ ခွဲခြားထားခြင်း၊ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး နယ်မြေများ၊ ပြည်သူများ လာရောက် လည်ပတ်နိုင်သောနေရာများ ခွဲခြားထားခြင်း။

 

ရေဝပ်ဒေသများထိန်းသိမ်းရေးတွင် အဓိကအခန်းကဏ္ဍမှ ဦးဆောင်နေသော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ရေဝပ်ဒေသများ ထိန်းသိမ်းရေးတွင် စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့အစည်းများအပါအဝင် ရန်ပုံငွေကြေးပံ့ပိုးလျက်ရှိသော အဖွဲ့အစည်းများ၊ ဂေဟစနစ် ထိန်းသိမ်းရေးကို ဦးဆောင်မှုပြုနေသော ဒေသခံပြည်သူအစုအဖွဲ့ခေါင်းဆောင်များ၊ ရေဝပ်ဒေသများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ပညာရေး ကဏ္ဍမှ ဆရာ ဆရာမများ၊ ဂေဟ စနစ်ထိန်းသိမ်းရေးပညာရှင်များနှင့် လက်တွေ့ ဆောင်ရွက်နေသူများ အားလုံး တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ရေဝပ်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်နိုင် မည်ဖြစ်သည်။

 

ရေဝပ်ဒေသများတည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည် တည်ထောင်ထိန်းသိမ်းစို့

 

လူဦးရေတိုးတက်လာမှု၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အရေးကြီးသော ရေဝပ်ဒေသများ ပျက်စီးပျောက်ကွယ်လာခြင်း ကြောင့် ရေကြီးရေလျှံခြင်းအပါအဝင် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြရလျက် ရှိသည်။ ရေဝပ်ဒေသများအပါအဝင် ဆက်စပ် ဂေဟစနစ်များကို ထိန်းသိမ်းခြင်းဖြင့် လူ့ဘောင် အဖွဲ့အစည်းများက ရင်ဆိုင်နေရသော ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းအဆင့်မှသည် အဖွဲ့အစည်းအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်မှသည် နိုင်ငံတော်အဆင့်အထိ ဆောင်ရွက်နိုင်သော လုပ်ငန်းများလည်းဖြစ်သည်။ ရေဝပ်ဒေသများ ထိန်းသိမ်းခြင်းလုပ်ငန်းများကို မိမိတို့လုပ်နိုင်သည့် အဆင့်မှ စတင်လုပ်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများ တွင် ဆောင်ရွက်ဆဲ ရေဝပ်ဒေသထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရန်လိုအပ်သကဲ့သို့ အခြားအလားအလာကောင်းသော ရေဝပ်ဒေသများကိုလည်း ခုချိန်မှစတင်ကာ ဝိုင်းဝန်းထိန်းသိမ်းကြရန် အလွန်အရေးကြီးပါသည်။ သို့မှသာ ရေဝပ်ဒေသများရေရှည်တည်တံ့ပြီး ရေဝပ်ဒေသများမှ ပံ့ပိုးသော အကျိုးကျေးဇူးများစွာကိုလည်း အပြည့်အဝရရှိခံစားနိုင်မည်ဖြစ်ကာ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း “၂၀၂၃ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ကို ဂုဏ်ပြုတင်ပြ အပ်ပါသည်။ ။