ရေယာဉ်များစနစ်တကျပြေးဆွဲခြင်းရှိရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ရေကြောင်းဆိုင်ရာများ၊ ပညာပေးမှုများဆောင်ရွက်

ကနီ  ၂၀   ဇွန်    
   


မြစ်ရေများတက်လာချိန်ဖြစ်၍  ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကနီမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ခရီးသည်တင်ရေယာဉ်၊ ကုန်တင်ရေယာဉ်နှင့် ရေယာဉ်ငယ်များ စနစ်တကျပြေးဆွဲခြင်းရှိ၊ မရှိနှင့် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေးတို့အတွက် ရေယာဉ်များ စနစ်တကျပြေးဆွဲခြင်းရှိရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ရေကြောင်းဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ပုဂ္ဂလိကရေယာဉ်များ ကြီးကြပ်ရေးကော်မတီနှင့် ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ကနီမြို့ ရေယာဉ်ဆိပ်ကမ်းတွင် အသိပညာပေးမှုများဆောင်ရွက်ကြောင်း သိရသည်။

 


အဆိုပါပူပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ရေယာဉ်ပေါ်ပါ ရေယာဉ်မောင်းနှင့် ခရီးသည်များ အသက်အန္တရာယ်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်၊ ရေယာဉ်နှင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် ရေကြောင်းပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် ရည်ရွယ်ချက်များဖြင့် ခရီးသည်တင်ယာဉ်များ အန္တရာယ်ကင်းရှင်းရေး စီမံချက်များ၊   အသက်ကယ်အင်္ကျီနှင့်  မီးသတ်ဆေးဗူးများထားရှိရေး၊  မိုးရာသီမတိုင်မီရေယာဉ်များ  ဘေးအန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်း သွားလာနိုင်ရေးတို့ကို အသိပညာပေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်။

 


ချင်းတွင်းမြစ်ရေတက်ချိန်တွင် ကနီမြို့နယ်အတွင်း၌ ရေယာဉ်များမကြာခဏ နစ်မြှုပ်မှုများရှိနေခြင်းကြောင့် ပုဂ္ဂလိက ရေယာဉ်များကြီးကြပ်ရေးကော်မတီနှင့် ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ခရီသည်များများပြားစွာ တင်ဆောင်ခြင်းများမရှိစေရေးနှင့် ခရီးသည်နှင့်ကုန်စည်တို့အား ရေယာဉ်ဦးပိုင်း၊ ခေါင်မိုးပေါ်တွင် တင်ဆောင်ခြင်းမပြုဘဲ သတ်မှတ်ထားသောနေရာတွင်သာ တင်ဆောင်ခြင်း၊ ရေယာဉ်၏ဝန်တင်မျဉ်း (Load Line)ထက် ပိုမိုတင်ဆောင်ခြင်း၊ စစ်ဆေးပြီးကြောင်း သက်သေခံလက်မှတ်တွင် ဖော်ပြထားသည့် တင်ခွင့်ပြုခရီးသည်အရေအတွက်ထက် ကျော်လွန်ခြင်း၊ ရေယာဉ်ပေါ်တွင် ခရီးသည်နှင့် ရေယာဉ်ဝန်ထမ်းများအတွက် အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ မီးသတ် ဆေးဘူးများ၊ မီးငြိမ်းသတ်သည့် ပစ္စည်းများ၊ အချက်ပြမီးကိရိယာများ သတ်မှတ်ချက်အတိုင်း ရှိ/မရှိနှင့် ရေယာဉ်အုပ်၊ စက်ခန်းအုပ်လက်မှတ် စုံမစုံတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ခြင်းဖြစ်ကြောင်း ပုဂ္ဂလိကရေယာဉ်များ ကြီးကြပ်ရေးကော်မတီနှင့် ရေယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။     

 

သန်းဌေးအောင်(ကနီ)