ရဟန်းပြုရခြင်း၏အကျိုး

 

တန်ဆောင်မုန်းလသည် မိုးလေတို့ကင်းစင်၍ကောင်းကင်၌ ကြည်လင်ကာ ကြယ်တာရာနက္ခတ်တို့ စုံလင်စွာထွန်းပသည်။ ဆောင်းလဖြစ်သည်နှင့်အညီ လောကဓာတ်တစ်ခွင် စိမ်းစိုအေးချမ်းနေသည်။ ထိုလကို “မာသေသု သရဒံရမဏိယံ - လတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း၏” ဟူ၍ ရှေးစာတို့ကဆိုကြသည်။ ယင်းသို့ ကြည်နူး မွေ့လျော်ဖွယ်ရာ တန်ဆောင်မုန်းလပြည့်ည တစ်ညတွင် ဗုဒ္ဓဘာသာသမိုင်း၌ ထင်ရှားသော ဖြစ်ရပ်တစ်ခု မြတ်စွာဘုရား ရှင်လက်ထက်တော်အခါက ဖြစ်ပွားခဲ့သည်။

 

ဗုဒ္ဓမြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာငါးကျိပ်သော ရဟန်းသံဃာများနှင့်အတူ ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ်ကာလ မာဂဓတိုင်းရှင် အဇာတသတ်မင်းသည် တန်ဆောင်မုန်းလပြည့်၏ ညဉ့်အခါ၌ မှူးမတ်အပေါင်းတို့ ခစားခြံရံ လျက် နန်းပြာသာဒ်ထက်တွင် စံမြန်းရင်း ရင်တွင်း၌ဖြစ်ပေါ်လာသော ခံစားမှုနှင့် စိတ်အကြံအစည်တို့ကို ဥဒါန်းကျူးရင့်ထုတ်ဖော်ခဲ့သည်။ “အချင်းတို့၊ လသာခြင်းဖြင့် အပြစ်ကင်းသော ညဉ့်သည် မွေ့လျော် ဖွယ်ကောင်းစွတကား၊ အလွန်လှပပေစွတကား၊ ရှုဖွယ်ကောင်း ပေစွတကား၊ ကြည်နူးဖွယ်ကောင်းစွတကား၊ အမှတ်ရဖွယ် ကောင်းပေစွတကား။ ယခုလိုညမျိုးတွင် အဘယ်သမဏ- ဗြဟ္မဏ ကို ငါတို့ ဆည်းကပ်ရပါကုန်အံ့နည်း၊ အဘယ်ဗြဟ္မဏကို ဆည်းကပ် လျှင် ငါ၏စိတ်သည် ကြည်လင်ပါအံ့နည်း” ဟူ၍ ကျူးရင့်ခြင်း ဖြစ်သည်။

 

စင်စစ်အဇာတသတ်မင်းသည် ဒေဝဒတ်နှင့်ပေါင်းမိပြီး ထီးနန်းစည်းစိမ်အလိုရမ္မက်ကြောင့် ခမည်းတော်ကို သတ်ခဲ့မိသော ကြီးမားလှသည့် အကုသိုလ်ကံကို ကျူးလွန်ထားပြီး ထိုအကုသိုလ်ကံ၏ ခြောက်လှန့်မှုကို ကုရာနတ္ထိဆေးမရှိဘဲ အချိန်နှင့်အမျှ ခံစားနေရသူ ဖြစ်သည်။ လောင်ကျွမ်းနေသည့် စိတ်နှလုံးကို ငြိမ်းအေးချမ်းသာစေရန်အလို့ငှာ တတ္ထိဆရာကြီး ခြောက်ယောက်ထံ သွားရောက်ခဲ့သော်လည်း မထူးခြား။ အတွေးအမြင်၊ အယူအဆ ဒဿနကိုယ်စီ ဆွဲကိုင်ကာ နောက်ပါတပည့်တပန်းများလည်း ကိုယ်စီရှိနေကြသည့် အဆိုပါဂိုဏ်းဆရာကြီး ခြောက်ယောက်တို့မှာ အဇာတသတ်မင်း၏ ပဉ္စာနန္တရိယကံကြောင့်ဖြစ်သည့် ဝေဒနာကို တဒင်္ဂမျှသက်သာအောင်ပင် ကုစားမပေးနိုင်။ နောက်ဆုံးတွင် ဆရာဇီဝက၏ အကြံပေးချက်အရ တန်ဆောင်မုန်း လပြည့်ညမှာပင် ဆင်ယဉ်ငါးရာတို့၌ မောင်းမတစ်ဦးစီကို စီးစေ၍ မီးရှူးတိုင်တို့ကို ဆောင်စေလျက် ကြီးစွာသော မင်း၏ကျက်သရေဖြင့် ရာဇဂြိုဟ်ပြည်မှထွက်၍ ဇီဝက၏ သရက် ဥယျာဉ်သို့သွားကာ မြတ်စွာဘုရားထံမှောက်သို့ ရောက်ရှိခဲ့ရသည်။

 

အဇာတသတ်မင်းက ဗုဒ္ဓမြတ်စွာဘုရားကို ဖူးမြော်မေးလျှောက်သည့်အကြောင်းအရာမှ “သာမညဖလ” ခေါ် “ရဟန်းဖြစ်ရသည့်အကျိုး” ဖြစ်သည်။ ရဟန်းပြုခြင်းကြောင့် မျက်မှောက်ဘဝတွင် ခံစားရသော အကျိုးကို ထင်ရှားစွာ ပြပါရန် မေးမြန်းခြင်းဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညချမ်းချိန်ခါ ဆရာဇီဝက၏ သရက်ဥယျာဉ်ထဲတွင် မြတ်စွာဘုရားရှင်က ရှင်းလင်းဟောကြားတော်မူသည့် ရဟန်းဖြစ်ရသည့်အကျိုးဟူသော သာမညဖလသုတ္တန် ဒေသနာတော်ကို ရိုသေစွာနာယူပြီးသည့်နောက် အဇာတသတ်မင်း၏ ပူလောင်နေသော နှလုံးသားမှာ အေးချမ်းသာယာမှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ဘုရား၏ ထံမှောက်တွင် မိမိ၏အပြစ်ကို ထုတ်ဖော်ဝန်ခံခြင်း၊ ထိုအပြစ်အတွက် တောင်းပန်ခြင်း၊ ထိုအဖြစ်မျိုးကို နောင်အခါတွင် စောင့်စည်းခြင်းငှာ ဘုရားထံမှောက် လျှောက်ထားခြင်းတို့ကိုလည်းပြုသည်။ မြတ်စွာဘုရားက “မင်းကြီး- မိုက်သည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ်လွှမ်းမိုးသွားခဲ့၏။ သင်သည် တရားစောင့်သော ခမည်းတော်ကို သတ်ခဲ့မိ၏။ မင်းကြီး- အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါစောင့်စည်း၏။ ထိုသူ၏ ကုစား၊ စောင့်စည်း ခြင်းသည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်းပင်တည်း။” ဟု ပြန်လည်မိန့်တော်မူကာ အဇာတသတ်မင်းအား စိတ်သက်သာရာ ရစေခဲ့သည်။

 

သာမညဖလသုတ္တန် ဒေသနာတော်ကို နာယူပြီးနောက်တွင် အဇာတသတ်မင်းသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်လာခဲ့သည်။ ပုထုဇဉ်များထဲတွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်ဟု မှတ်တမ်းတင်ခံခဲ့ရပြီး ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူ ပြီးနောက် ပထမသင်္ဂါယနာတင်ခြင်း၊ ဘုရား၏ ဓာတ်တော်များကို စုဆောင်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခြင်း၊ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျသတ်မှတ်ခြင်း စသည့် သာသနာ့သမိုင်းဝင် ဆောင်ရွက်ချက်များကိုလည်း ပြုလုပ်ခဲ့သည်။ မြတ်စွာဘုရားက အဇာတသတ်မင်းကို ဟောကြားခဲ့သည့် သာမညဖလသုတ္တန်သည် ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂပါဠိတော်၌ ပါရှိပြီး ရဟန်းသံဃာတော် များ၏ ကိုယ်ကျင့်သီလကို ကြေးမုံမှန်ချပ်သဖွယ် ထင်ဟပ်နိုင်သည့် သုတ္တန်ဟူ၍ ထင်ရှားပါကြောင်း။ ။

 

မြန်မာ့အလင်း