ရီးယဲလ်မက်ဒရစ်အသင်းက စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ကိုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စာချုပ်ချုပ်ဆိုခေါ်ယူမည်ဟုဆို

၂၉  စက်တင်ဘာ

ရီးယဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းရဲ့ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလကတည်းက စီစဉ်နေတာဖြစ်ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူနိုင်ဖို့အတွက်ကြိုတင်စာချုပ်ချုပ်ဆိုသွားမယ်လို့ ပြောကြားထားပါတယ်။

စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ သူ့ရဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စောင့်မျှော်နေတာကြောင့် စပါးအသင်းက တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာကိုလည်း ငြင်းပယ်ထားတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ကွင်းလယ်ပိုင်းအားဖြည့်ဖို့စီစဉ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကလည်း အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလအထိ စောင့်ဆိုင်းသွားမယ်လို့ဆိုပါတယ်။ ရီးယဲလ်မက်ဒရစ် အသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့အပြင် နည်းပြဇီဒန်းနေရာမှာ အစားထိုးဖို့ စပါးအသင်းနည်းပြ ပိုချက်တီနိုကိုလည်း ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ အဲရစ်ဆင်ကို ခေါ်ယူဖို့အခွင့်သာနေပေမယ့် ပိုချက်တီနိုကို ခေါ်ယူနိုင်ဖို့အတွက်တော့ ကြိုးစားရဦးမှာဖြစ်ပါတယ်။

ငွေကြယ်