ရိခေါ်ဒါရ်၌  H1N1 ပြင်းထန်တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရိခေါ်ဒါရ်   ၄    ဇူလိုင်   

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး H1N1 ပြင်းထန်တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီတွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံမှ တပ်မတော်ဆေးဗိုလ်ကြီး အောင်ဖြိုးသူက H1N1 ပြင်းထန် တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါတို့၏ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များ၊ ပြုစုကုသရေးဆိုင်ရာများနှင့် အခြားကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။

 

ထို့နောက် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်တင်တင်လှက H1N1 ပြင်းထန်တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းများကို ဒေသဘာသာစကားဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူ ပြည်သူများမှ ကျန်းမာရေးဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ သက်ဆိုင်ရာများက ပြန်လည်ဖြေကြား ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရသည်။

 

“ယခုလို ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား စီစဉ်ပေးတဲ့ ကျွန်မတို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှ ဆရာဝန်များ၊ သူနာပြု ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး ဆိုင်ရာများ ဆွေးနွေးပေးတော့ ကျွန်မတို့ မသိသေးတဲ့အရာတွေ၊ သတိမထားမိတဲ့အရာတွေ သိရှိခွင့်ရသွားတယ်၊ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှု အသိပညာတွေ အများကြီး ရသွားပါတယ်။ နောက်နောင်တွေမှာလည်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု အခမ်းအနားသို့ တက်ရောက်လာသူ ဒေါ်လားလ်လောမ်ထန်းငီးက ပြောသည်။

 

အဆိုပါအခမ်းအနားကို မြို့အမျိုးသမီးရေးရာအဖွဲ့မှာ ပူးပေါင်းကူညီဆောင်ရွက်ပေးပြီး ဒေသခံပြည်သူ အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရသည်။

 


MDN