ရိုမေးနီးယားနဲ့ ဟန်ဂေရီနိုင်ငံတွေမှာ လိုအပ်နေတဲ့ အလုပ်သမားဦးရေကို အာရှနိုင်ငံသားတွေနဲ့ ဖြည့်ဆည်း

၂၉ အောက်တိုဘာ

 

 

ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူခါရက်စ် တောင်ပိုင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ အဝါရောင် ဦးထုပ်အမာ ဆောင်းထားတဲ့ အမျိုးသား ၃၀ လောက်ဟာ ဗီယက်နမ်စကား အနည်းအကျဉ်း အပြန်အလှန် ပြောဆိုပြီး အလုပ်လုပ်နေတာကို တွေ့ရပါတယ်။

 

 

ရိုမေးနီးယားနဲ့ ဟန်ဂေရီနိုင်ငံမှာ အလုပ်သမား လိုအပ်မှုဟာ ကြီးထွားလာတဲ့အတွက် နိုင်ငံတွေရဲ့ စီးပွားရေးကို ခြိမ်းခြောက်သလို ဖြစ်လာရာ သီရိလင်္ကာ၊ တရုတ်နဲ့ ဗီယက်နမ်စတဲ့ အာရှနိုင်ငံက အလုပ်သမားတွေကို စုဆောင်းလာပါတယ်။

 

 

ဟန်ဂေရီနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကစပြီး ယူကရိန်း၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အလုပ်သမား ၁၃,၀၀၀ ဦး ခေါ်ဆောင်ရာကနေ ဒီနှစ်အတွက် အလုပ်သမားဦးရေ ၇၅,၀၀၀ ဦးကို ခေါ်ယူခဲ့ကြောင်း သိရပါတယ်။  

 

 

ရိုမေးနီးယား နိုင်ငံမှာ ၂၀၁၉ ရဲ့ ပထမနှစ်ဝက်မှာ အလုပ်သမားဗီဇာကို လူ ၁၁,၀၀၀ အား ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးအတွက် ၁၀,၅၀၀ ဦးသာ လုပ်သမားဗီဇာ ပေးခဲ့ကြောင်း သိရပါတယ်။ ရိုမေးနီးယား နိုင်ငံက နိုင်ငံသား ၄ သန်းဟာ ဥရောပနိုင်ငံတွေကို အလုပ်ရှာဖို့အတွက် ထွက်ခွာသွားတဲ့အတွက် လုပ်သား လိုအပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

 

လိုအပ်တဲ့ လုပ်သားတွေကို အာရှအလုပ်သမား ဈေးကွက်ကို ကျွမ်းကျင်တဲ့ အလုပ်ရှာဖွေရေး ကုမ္ပဏီတွေက အလုပ်သမား စုဆောင်းတာတွေ လုပ်ဆောင်လာပါတယ်။

 

 

အမေရိကန်အခြေစိုက် Manpower Group ရဲ့ ၂၀၁၈ ခုနှစ်က လေ့လာချက်အရ ရိုမေးနီးယားနိုင်ငံရဲ့ အလုပ်သမား လိုအပ်ရာ ငါးနေရာမှာ လေးနေရာက အစားထိုးဖို့ ခက်ခဲကြောင်း သိရပါတယ်။

 

 

ဘူခါရက်စ်မြို့တော်ဝန်က သူ့မြို့မှာ လုပ်ကိုင်နေတဲ့ ဗီယက်နမ် တစ်ယောက်ဟာ အသားတင် အမေရိကန်ဒေါ်လာ ၁,၀၀၀ ရရှိတဲ့အတွက် အဲဒီလစာဟာ နိုင်ငံတွင်းက ရိုမေးနီးယား တစ်ယောက်ရဲ့ လစာထက် သုံးပုံတစ်ပုံများကြောင်း ပြောပါတယ်။

 

 

MDN

ကိုးကား - AFP