ရိုးရာဂမ္ဘီရ ပါးစပ်ရာဇဝင်များဖြင့် ထင်ရှားသော ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

 

သိန်းညွန့်(PZL)

 

ချင်းတွင်းမြစ် မြစ်ဖျားခံရာ ရေဝေရေလဲဒေသ၊ အမြဲစိမ်းတော၊ ရွက်ပြတ် ရောနှောတောများနှင့် တောရိုင်းတိရစ္ဆာန်မျိုးစုံ ရှင်သန်ပေါက်ပွား ကျက်စားရာဘေးမဲ့တောကို ဖော်ညွှန်းပြပါဆိုလျှင် “ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော” ကိုပင် ညွှန်ပြရပါလိမ့်မည်။

 

“ထမံကျား” ဟူသော ရှေးသက်ကြီးစကားများမှတစ်ဆင့် အခြေခံကာ ရိုးရာဂမ္ဘီရ၊ ပါးစပ်ရာဇဝင်တို့ဖြင့် ထင်ရှားခဲ့သော “ထမံသီကျေးရွာ” ကို အမှီပြုကာ “ထမံသီ” ဒေသအဖြစ် လူသိများလာခဲ့ခြင်း ဖြစ်သည်။

 

သမိုင်းကြောင်းက စိတ်ဝင်စားဖွယ်ရာဖြစ်

 

၁၉၇၄ ခုနှစ် မေ ၁ ရက်မှ အစပြု၍ “သားငှက်တိရစ္ဆာန်ဘေးမဲ့တော” အဖြစ် ဖွဲ့စည်းခဲ့ကာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော “ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော”၏ သမိုင်းကြောင်းကလည်း စိတ်ဝင်စားဖွယ်ရာအတိ ဖြစ်ပေသည်။

 

ဤဘေးမဲ့တောဒေသသည် ၁၉၈၀ ပြည့်နှစ် မတိုင်မီကာလက ဆုမတြားကြံ့များနှင့် အင်ဒီးယန်း ဂျားဗားကြံ့များ အဓိက ကျက်စားခဲ့ရာနေရာများအဖြစ် တည်ရှိခဲ့သည်။

 

မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနပြုချက်များတွင် ကျား၊ ကျားသစ်နှင့် အင်းကျားတို့ကို အဆိုပါဘေးမဲ့တောအတွင်း တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

 

mdn

 

ကျား(သို့မဟုတ်)ကျားကြီး၏ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းသည် အရှည် ၁၇၀ မှ ၂၃၀ စင်တီမီတာအထိ ရှိကြသည်။ ကြောင်အမျိုးအစား သတ္တဝါမျိုးစိတ်များအနက် အရွယ်အစား အကြီးဆုံးဖြစ်ပြီး အောက်ခံညိုဝါရောင်ပေါ်တွင် အနက်ရောင်အစင်းကျားများ ထင်ရှားစွာတွေ့ရှိ ရသည်။ လွန်စွာသန်မာထွားကြိုင်းကာ ပါး၊ လည်မျိုနှင့် ရင်ဘတ် နေရာများ၌ အဖြူရောင်အမွေး ရှိကြသည်။ ၎င်းတို့၏ ထူးခြားချက်မှာ ရေကူးကျွမ်းကျင်ကြောင်း သိရသည်။

 

ယခုအခါတွင် ကျားသတ္တဝါများကို တွေ့မြင်ရသောနိုင်ငံပေါင်း ၁၃ နိုင်ငံမျှသာ ကျန်ရှိတော့ရာ ယင်းနိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ ကမ္ဘာတစ်ခွင်၌ ကျားမျိုးစိတ်ပေါင်း ရှစ်မျိုးရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အင်ဒိုချိုင်းနားကျားနှင့် ဘင်္ဂလားကျားမျိုးစိတ်နှစ်မျိုးသာ တွေ့ရှိရသည်။

 

ထမံသီဘေးမဲ့တောတွင် ဘင်္ဂလားကျား တည်ရှိကျက်စားမှု မှတ်တမ်းများကို ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။

 

တောရိုင်းတိရစ္ဆာန်အစုံအလင်တွေ့ရှိ

 

ထို့ပြင် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကျားသတ္တဝါအပြင် မလေးဝက်ဝံ၊ အာရှဆင်၊ ပြောင်၊ ဆတ်၊ တောဝက်၊ မျောက်လွှဲ ကျော်၊ တောဘဲမန်ဒါလီ၊ သင်းခွေချပ် အပါအဝင် အခြားမျိုးသုဉ်းနိုင် ဖွယ်ရှိသော တောရိုင်းတိရစ္ဆာန်အမျိုးပေါင်းအစုံအလင်ကို တွေ့ရှိနိုင်ပေသည်။

 

အထူးသဖြင့် ကမ္ဘာ့ဒုတိယအရှားပါးဆုံးလိပ်ဖြစ်သော “မြန်မာ့တိုက်လိပ်” ကို တွေ့ရှိရကာ ယင်းသတ္တဝါကို ၂၀၀၂ ခုနှစ်က အဆိုပါ ဘေးမဲ့တောနှင့် ကပ်လျက်ရှိသော ချင်းတွင်းမြစ်အထက်ပိုင်း၌ တွေ့ရှိ ခဲ့ရခြင်းဖြစ်သည်။

 

ထမံသီဘေးမဲ့တောနယ်မြေ ၂၁၅၁ စတုရန်းကီလိုမီတာ ဧရိယာအတွင်း ကျေးရွာနှင့် လူနေထိုင်မှု မရှိခင်ကပင် ဘေးမဲ့တောထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုလျက် ရှိပေရာ တန်ဖိုးကြီး ကျွန်းသစ်အပါအဝင် ဝါး၊ သစ်ခွနှင့် ဆေးဖက်ဝင် အပင်များ ရှင်သန် ပေါက်ရောက်လျက်ရှိပေသည်။

 

ရေရှည်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် များအတွင်း ချင်းတွင်းနှင့် ဥရုမြစ် ရေဝေကြောနှစ်ခုအကြား ဖြစ်တည် နေသော ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရိုးရာ ယုံကြည်မှု များအရ “လူမှကျား၊ ကျားမှလူ” သို့ ပြောင်းလဲဖန်ဆင်းနိုင်သည့် နောက်ခံ ပါးစပ်ရာဇဝင်နှင့်အတူ လူသားများနှင့် တောရိုင်းတိရစ္ဆာန် များအကြား၊ သဘာဝနှင့် လူသားများအကြား ဆက်နွှယ်နေသော ထူးခြားချက်များကပင် အဆိုပါဘေးမဲ့တောကို ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အထောက်အပံ့ပေးလျက်ရှိပါကြောင်း စေ့ငု ဖော်ပြလိုက်ရပါသည်။