ရိုးရာလက်ဝှေ့(ဂျပန်)ပွဲတွင် ရွှေခါးပတ်ချန်ပီယံ ထွန်းနိုင်ဦး ပထမအချီမှာပင် အလဲထိုးရှုံးနိမ့်

ရန်ကုန် ၂၅ ဇူလိုင်

အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)နှင့် မြန်မာမာရှယ်အတ် ဂရု(ပ်)တို့ ပုံမှန်ကျင်းပနေသော ဂျပန်နိုင်ငံရိုးရာ လက်ဝှေ့ပွဲစဉ်(၁၃)ကို ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံ၌ ကျင်းပရာ ၆၅ကီလိုတန်းတွင် များမကြာမီက ပြည်တွင်း ပူပူနွေးနွေးရွှေ ခါးပတ်ရရှိထားသော ရွှခါးပတ် ချန်ပီယံ ထွန်းနိုင်ဦးအား ပြိုင်ဘက်ဂျပန်ကစားသမား ကီတာနိုက ပထမအချီတွင် ပင်အရှိုက်ထဲသို့ ဒူးတိုက်ပစ်သွင်း၍ အလဲထိုး အနိုင်ရရှိသွားသည်။

အဆိုပါပွဲစဉ်များကိုယနေ့ဇူလိုင် ၂၅ ရက် ညနေဂျပန်စံတော်ချိန် ၆:၃၀နာရီတွင် တိုကျိုမြို့ ခိုလခုအန်ခမ်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကစားသမားသုံးဦးပါဝင် ယှဉ်ပြိုင်ခဲ့သည်။ အခြား ပွဲစဉ်များတွင် ၆၀ကီလိုတန်း၌ ပီလာဆိုဆန်တားနား(ဘရာလ်ဇီး)နှင့် ခါဇုဟာရု(ဂျပန်)ပွဲတွင် ပထမအချီ၌ခါဇုဟာရုဘက်မှအနားတောင်းကာ ဆက်မထိုးနိုင်ဘဲ အရှုံးပေးသွားသဖြင့် ပီလာဆိုဆန် တားနား ကအနိုင်ရရှိသည်။ တစ်ဖန် ၆၁ဒသမ၅ ကီလိုတန်းတွင် နီရှီဇဝတခုယ(ဂျပန်)နှင့် နိုရီရှိ မတ(ဂျပန်)တို့ ငါးချီအပြည့်ထိုးသတ်ပြီး သရေပွဲရလဒ်ပေါ်ထွက်ခဲ့သည်။

၆၄ ဒသမ ၅ကီလိုတန်း၌Air KBZ ရွှေခါးပတ်ရှင်စောဒါဝိတ်(မြန်မာ)နှင့် ဟီဂါရှီ(ဂျပန်)တို့ အပြန်အလှန်ထိုးသတ်ရင်း သရေပွဲဖြစ်သွားသည်။ ထိုပွဲတွင်စောဒါဝိတ်၏ လက်သီးချက်များကြောင့်ဟီ ကါရှီ ခေါင်း ကွဲသလိုဟီကါရှီ၏ဒူးတိုက်ချက်များကြောင့် စောဒါဝိတ်နားခေါင်းရိုးကျိုးကာ အထိနာခဲ့သည်။ ခေါင်ပွဲဖြစ် သော၇၄ကီလိုတန်း၌ လူ့ဘီလူးကြီး တိုခဲရှီ(ဂျပန်)နှင့်ရွှေခါးပတ်ချန်ပီယံ စောဆဝါး (မြန်မာ) တို့ အပြန်အလှန်ထိုးသတ်ခဲ့သော်လည်း တစ်ဘက်နှင့်တစ်ဘက် အရှုံးအနိုင်မပေါ်ဘဲ သရေပွဲဖြစ်သွားသည်။

အဆိုပါပွဲတွင် ဂျပန်ရောက်မြန်မာတို့၏ မင်္ဂလာဒိုးအနုပညာအင်အားစုက မြန်မာဆိုင်းဖြင့် လက်ဝှေ့ရေးနှင့်ဗိန်ဗောင်းတီးလုံးများကို တီးခတ်ပေးခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးဗိုလ်မှူးချုပ် စောလင်းက ဆုများချီးမြှင့်ပေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)နှင့် မြန်မာမာရှယ်အတ်ဂရု(ပ်)တို့သည် ၂၀၁၉ခုနှစ် အောက်တိုဘာ၂ရက်တွင် ဂျပန်နိုင်ငံနှင့် အောက်တိုဘာ ၂၀ရက်တွင် ထိုင်ဝမ်တို့၌ ရိုးရာလက်ဝှေ့ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်၊ ဓာတ်ပုံ- ရှီခဲလီ(ဂျပန်)