မင်းဘူး အောက်တိုဘာ ၂၇

မြန်မာတို့သည် သနပ်ခါးကို ရှေးရိုးစဉ်ဆက်ကပင်လျှင် လိမ်းကြံခြယ်သခြင်း၊ ဆေးအဖြစ်သုံးစွဲခြင်း၊ မြတ်စွာဘုရားရှင်အား မီးအဖြစ်ပူဇော်ခြင်း၊ နံ့သာရည်ဖျန်း၍ ပူဇော်ခြင်း၊ သနပ်ခါးနံ့သာရည်များပြုလုပ်၍ ရိုးရာဓလေ့ ပျော်ပွဲရွှင်ပွဲများဖြင့် အမျိုးမျိုးအသုံးပြု၊ သုံးစွဲလာခဲ့ကြခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးတို့၏ သနပ်ခါးလိမ်းခြယ်ကြသည့် ဓလေ့များကို ပုဂံခေတ်၊ အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကမ္ဘာ ကူပြောက်ကြီးဘုရားနံရံ ဆေးပန်းချီများတွင်လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရားအတွင်းနံရံ ပန်းချီများတွင်လည်းကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး လိမ်းခြယ်ကြသည့်ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားခြင်း တွေ့ရှိရသည်။

ထို့အပြင် မြန်မာတို့၏ ရှေးရိုးရာပုံပြင်များ၊ ဘာသာစကားများနှင့် စာပေ၊ အရေးအသားများတွင်လည်း သနပ်ခါးသုံးစွဲသည့်ဓလေ့ ဖော်ပြခဲ့ကြသည်ကို ပျို့၊ ကဗျာ၊ ဧချင်း၊ အိုင်ချင်း၊ မောင်းထောင်းတေး၊ လမိုင်းလယ်သူဟန်ချင်း၊ တေးထပ်များတွင် မြန်မာတို့က သနပ်ခါးကိုသုံးစွဲသည့် ဓလေ့များ ထည့်သွင်းစပ်ဆိုထားသည်ကို တွေ့ရှိရသဖြင့် သနပ်ခါးကို ရှေးနှစ်ပေါင်း ထောင်ချီကာလကပင် လိမ်းခြယ် အသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများ သနပ်ခါး လိမ်းခြယ်ကြရာတွင် အသားအရေကို နူးညံ့ချောမွှတ်စေရန်နှင့် အလှအပရေးရာအတွက် အသားအရေကို ထိန်းသိမ်းထားရန် လိမ်းခြယ်ကြခြင်းဖြစ်သည်။ ကျေးလက်တောရွာနေ ကောက်စိုက်သမလေးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ မိန်းမပျိုလေးများကမူ မိမိတို့လုပ်ငန်းခွင် မပူပြင်းလှသည့် နေရောင်ခြည်ဒဏ်ကို ခံနိုင်စေရန် သနပ်ခါးကို ခြေဆုံးခေါင်းဆုံးဖြင့် ထူထူပိန်းပိန်း လိမ်းခြယ်ကြသည်။

မြန်မာတို့သည် မြန်မာ့ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော သနပ်ခါးများကို လိမ်းခြယ်ကြရသဖြင့် စိတ်နှလုံးအေးချမ်းသကဲ့သို့ သနပ်ခါးလိမ်းထားလျှင် နေရောင်ခြည်နှင့် အပူဒဏ်ကို ခံနိုင်သည့်အပြင် အရေပြား မပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသား၊ တိုင်းရင်းသူအားလုံး သနပ်ခါးကို အမြတ်တနိုး လိမ်းခြယ်ကြခြင်းဖြစ်သည်။

သနပ်ခါးကို အမျိုးသမီးများသာမက အမျိုးသားများကပင် လိမ်းလေ့ရှိကြပြီး ပါးပြင်ထက်ဝယ် သနပ်ခါး ပါးကွက်ကြားလေးများ လိမ်းခြယ်ထားပါက နေလောင်ဒဏ်ကို ကာကွယ်ရုံမျှမက နေပူရှိန်အောက်တွင် ချွေးများထွက်ကာ စိုရွှဲနေသော်လည်း သနပ်ခါးနံ့ သင်းသင်းလေးက စိတ်ကို ရွှင်လန်းစေသောကြောင့် နေပူပူတွင် အလုပ်လုပ်ကြသော အလုပ်သမလေးများ၊ တောသူတောင်သားများ၏ လက်သုံးတော်ပင်ဖြစ်နေခဲ့သည်။

မြန်မာအမျိုးသမီး မိခင်များသည် ရင်နှစ်သီးချာ သားငယ်၊ သမီးငယ်များကို ရေချိုးသန့်စင်ပြီးလျှင် ကျောက်ပျဉ်ထက်မှ သနပ်ခါးရည်ပျစ်ပျစ်ကို လက်ဖြင့် သပ်ယူကာ ဘုရားကို အာရုံပြု၍ ဘယ်ညာပါးပြင်များပေါ် လိမ်းခြယ်ပေးလေ့ ရှိကြသည်။ ထို့အတူ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မများက မိမိတို့၏ မိသားစုဝင် တူ၊ တူမများနှင့် ကလေးငယ်များကို သနပ်ခါး လိမ်းကြံခြယ်သပေးလေ့ရှိကြသည်မှာ မြန်မာ့ဓလေ့ ယဉ်ကျေးမှုတစ်ခုပင်ဖြစ်သည်။

သနပ်ခါးကို လိမ်းခြယ်ထားခြင်းသည် စိတ်ကိုကြည်လင် လန်းဆန်းစေကာ အာရုံစူးစိုက်မှုအား ကောင်းသဖြင့် မှတ်ဉာဏ်အားတွေပါ ကောင်းသည်ဟု စိတ်ပညာရှင်များက ဆိုကြသည်။ သနပ်ခါးသည် မြန်မာ့ဓလေ့ ရိုးရာပွဲတော်များတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို ရာသီအလိုက် ပွဲတော်များတွင် တွေ့မြင်နိုင်သည်။

မြန်မာ့ယဉ်ကျေးမှု ပွဲတော်များကို ပုဂံခေတ် (အေဒီ ၁၁ ရာစု) မှ အစပျိုး၍ မြန်မာမင်းများလက်ထက်တွင် တစ်ခမ်းတစ်နား ကျင်းပခဲ့ကြသည်။ “မီးဖုန်းလှူပွဲ၊ တပို့တွဲ” ဟူသော ဆိုရိုးစကားအတိုင်း တပို့တွဲလတွင် ထိုပွဲတော်ကိုကျင်းပ၍ မီးဖုန်းပွဲတော်ဟု ခေါ်ကြသည်။ တပို့တွဲလသည် ဆောင်းရာသီဖြစ်ကာ အအေးဓာတ်လွန်ကဲလှသဖြင့် ဘုရားရှင် ကိုယ်တော်မြတ်အား နွေးနွေးထွေးထွေးရှိစေရန် သနပ်ခါးအတုံးများ၊ အကိုင်းအလက်များ၊ ကရမက်၊ နံ့သာဖြူ၊ နံ့သာနီ စသော အခြားအမွှေးနံ့သာတုံးများနှင့် ရောနှော၍ မီးရှို့ကာ ပူဇော်ကြသေးသည်။

ထိုတပို့တွဲလသည် အလွန်အေးမြသည့် ကာလဖြစ်ရာ လူတိုင်းမီးလှုံနေကြရသည့် ကာလဖြစ်သည်။ ယင်းကာလတွင် ဗုဒ္ဓဘုရားရှင်အား ရည်စူး၍ မီးပုံပွဲကို တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ၊ သနပ်ခါး စသော အမွှေးနံ့သာရည်တို့ဖြင့် ဘုရားရှင်အား မီးပူဇော်ကြကာ သာဓကအားဖြင့် မန္တလေးမဟာမြတ်မုနိ ရုပ်ပွားတော် ဘုရားမြတ်ကြီးနှင့် မန္တလေးနန်းတော်ရှေ့ အောင်တော်မူဘုရားတို့ကို နေ့စဉ်နံနက် အရုဏ်တက် မျက်နှာတော် သစ်ရာတွင် သနပ်ခါးနံသာရည်များဖြင့် ပူဇော်ကြခြင်းဖြစ်သည်။ မဟာမြတ်မုနိဘုရားကြီးတွင် မျက်နှာသစ်တော်ရေအတွက် သနပ်ခါးတုံးများသွေးကာ ကုသိုလ်ယူကြပြီး နံနက်တိုင်း သနပ်ခါးနံ့သာရေဖြင့် ပူဇော်လေ့ရှိသည်မှာလည်း ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုအဖြစ် ထင်ရှားလှသည်။

ထို့အပြင် ယောနယ်ဘက်တွင်လည်း ယောဓလေ့ သနပ်ခါး ပါးတို့ပွဲကို တွေ့ရှိနိုင်သည်။ ရွာတစ်ရွာမှ အခြားရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ကန်တော့ကြရာ ရွာခံလူပျို၊ အပျိုများက လမ်းမှနေ၍ ကျောင်းသို့ လာရောက်ကန်တော့သူများကို ကျောင်းအဝင်လမ်းတွင် သနပ်ခါးလိမ်းပေးခြင်း၊ သနပ်ခါးတို့ပေးခြင်းများနှင့် မှန်ကြည့်၍ ရယ်မောပျော်ရွှင်စရာ ကောင်းလှသည့် ရိုးရာဓလေ့ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။ သနပ်ခါးပါးတို့ပွဲတော်ကို နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ ကျင်းပလေ့ရှိပြီး မန္တလေးတိုင်း စဉ့်ကူးမြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး ခက်သင်ရွာရှိ ရွှေတောင်ဦး၊ စေတီတက်လမ်းတစ်လျောက် သီတင်းကျွတ်လပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသူများအား ရွာသူ မိန်းမပျိုလေးများက ကြေးဖလားငယ်ထဲမှ သနပ်ခါးမှုန့်ပါသော တို့ဖတ်ဖြင့် မျက်နှာကို ရိုက်ပေးကြသည့် သနပ်ခါး ပါးတို့ပွဲသည်လည်း ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။

ဤကဲ့သို့ လိမ်းကြံခြယ်သ၊ ဂုဏ်ပြုပူဇော်၊ ရိုးရာဓလေ့ပွဲတော်များတွင် အသုံးပြု သုံးစွဲလာကြသည့် မြန်မာ့သနပ်ခါးသည် နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း အများဆုံးစိုက်ပျိုးသော ဒေသများမှာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ လားရှိုး၊ ကျောက်မဲ၊ ဒေသများတွင် စိုက်ပျိုးကြကာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာနှင့် အရာတော် မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး အရာတော်မြို့ တစ်မြို့နယ်ထဲပင်လျှင် သနပ်ခါးဧက တစ်သိန်းကျော် စိုက်ပျိုးထားကြောင်း သိရကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးနှင့် ရိုးရာအမွေကို ထိန်းသိမ်းကာ ယနေ့တိုင် လိမ်းကြံခြယ်သ သုံးစွဲနေကြသည်ကို ဂုဏ်ယူစွာဖြင့် ရေးသားဖော်ပြလိုက်ရပါတော့သည်။

ဇေယျာထက်(မင်းဘူး)