ရိုးသားကြိုးစား ဇွဲလုံလဖြင့် အောင်ပန်းဝင်

နေပြည်တော် ၁၄ မတ်

၂၀၁၇-၂၀၁၈ အခြေခံပညာ၏နောက်ဆုံးဂိတ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ စတင်၍ ကျင်းပနေပြီဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးရှိစာစစ်ဌာနများအပြင် နိုင်ငံခြားစာစစ်ဌာနများတွင်ပါ ကျောင်းသား ကျောင်းသူများ စာမေးပွဲဝင်နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ၏ အတန်းတင်စာမေးပွဲများတွင် တက္ကသိုလ်ဝင် (ယခင်အခေါ် ဒသမတန်း သို့မဟုတ် ၁၀ တန်း)စာမေးပွဲသည် အထူးခြားဆုံး၊ အရေးအကြီးဆုံး စာမေးပွဲတစ်ခုဖြစ်သည်။

 

အခြေခံပညာအဆင့် အဆုံးသတ်စာမေးပွဲဖြစ်သလို အဆင့်မြင့်တက္ကသိုလ်ပညာကို ဆက်လက်တက်လှမ်းနိုင်ရေး စစ်ဆေးသော စာမေးပွဲဖြစ်သည့်အပြင် ပညာသင်ကြားခြင်းမှ အလုပ်ခွင်သို့ ဝင်ရောက်ခွင့်ရနိုင်သော စာမေးပွဲဖြစ်၍ ကျောင်းသား ကျောင်းသူများအတွက် အရေးအကြီးဆုံး၊ စိတ်လှုပ်ရှားမှုအကောင်းဆုံး စာမေးပွဲကြီးဖြစ်သည်။ တစ်နည်းဆိုလျှင် ဒသမတန်းအဆင့် ကျောင်းသား ကျောင်းသူတစ်ဦးအား ဘဝတစ်ဆစ်ချိုး ပြောင်းလဲနိုင်သော စာမေးပွဲလည်း ဖြစ်သည်။

 

ရှေးအခါက ဒသမတန်းအဆင့် စာမေးပွဲအောင်မြင်ရန်မှာ လွန်စွာခက်ခဲလှပြီး ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးစလုံး ပေါင်းစုံနိုင်မှ အောင်မြင်တတ်သည့် စာမေးပွဲဟုပင် ပြောရမလိုဖြစ်သည်။ တစ်ရာတွင် တစ်ယောက်၊ တစ်ရပ်တွင် တစ်ဦးခန့်သာ အောင်မြင်တတ်သည့် အောင်ချက်ရာခိုင်နှုန်း အလွန်နည်းသည့် စာမေးပွဲလည်း ဖြစ်ခဲ့သည်။ ထိုအချိန်က အောင်ချက်ရာခိုင်နှုန်း ခုဂဏန်းမျှသာရှိခဲ့ရာမှ ဆယ်စုနှစ် ငါးခုဝန်းကျင်ခန့်တွင် အောင်ချက်ရာခိုင်နှုန်း ဆယ်ဂဏန်းကျော်မျှဖြင့် ရပ်တည်ခဲ့သည်။

 

ထိုသို့ရပ်တည်ခဲ့သည်မှာလည်း စာမေးပွဲမေးခွန်းမှာ ခက်ခဲနက်နဲသည့်အပြင် ပေါက်ကြားခြင်း၊ ကူးယူခြင်း၊ ခိုးချခြင်းတို့ လုံးဝမပြုလုပ်နိုင်သည့် အလွန်အရေးပါသော စာမေးပွဲဖြစ်သည်။ ထိုသို့ အရေးကြီးသော စာမေးပွဲကို အောင်မြင်အောင်ဖြေဆိုမည်ဟု ဆုံးဖြတ်ပြီး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုပျက်ကွက်သူ၊ စာမေးပွဲခန်းမှ တစ်ဝက်တစ်ပျက်နှင့် ထွက်ခွာသူ အလွန်နည်းပါးလှသည်။

 

နောက်ပိုင်းကာလများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအနက် ပျက်ကွက်သူအချို့ရှိခဲ့သော်လည်း ယခုပညာသင်နှစ်တွင်မူ ယခင်နှစ်များနှင့်မတူ ပျက်ကွက်ပိုမိုများသည်ကို တွေ့ရသည်။ စာစစ်ဌာနပေါင်း ၁၇၄၂ ခု ဖွင့်လှစ်ပေးထားခဲ့ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားခဲ့သူ ၈၄၄၃၅၈ ဦး ရှိသည့်အနက် ဖြေဆိုသူ ၇၈၈၈၅၉ ဦးရှိသဖြင့် ၅၅၄၉၉ ဦးမှာ စာမေးပွဲခန်းသို့ ရောက်လာခြင်းမရှိဘဲ ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုသည့် ရက်တွင် ကျောင်းသားအများစု ကောင်းမွန်စွာဖြေဆိုနိုင်ကြသည်။

 

သို့သော် ဒုတိယနေ့ အင်္ဂလိပ်ဘာသာဖြေဆိုသောရက်တွင် စာမေးပွဲကို ဆက်လက်မဖြေဆိုတော့သည့် ကျောင်းသား ကျောင်းသူအချို့ရှိလာခဲ့သည်။ စာမေးပွဲမေးခွန်းမှာ ခက်ခဲ၍လော၊ ဖြေဆိုနိုင်သည့် အရည်အချင်း မပြည့်မီ၍လော စသည်တို့ကြောင့် ပျက်ကွက်မှုအချို့ရှိခဲ့သည်။ အင်္ဂလိပ်စာနှင့် သင်္ချာမေးခွန်းများ စာမေးပွဲဖြေဆိုမှု မပြီးစီးမီ လူမှုကွန်ရက်ပေါ်သို့ ရောက်လာသည်ဟုလည်း ဆိုကြသည်။ သက်ဆိုင်ရာတို့ကမူ စာမေးပွဲမေးခွန်းများ၊ ဖြေဆိုမှုများနှင့်ပတ်သက်၍ လုံခြုံမှုနှင့် စည်းကမ်းထိန်းသိမ်းမှုတို့ကို စနစ်တကျပြုလုပ်ထားပြီး မသမာမှုမဖြစ်ပေါ်အောင် အလေးထားကြပ်မတ်ထားသည်။

 

ကျောင်းသား ကျောင်းသူတို့အနေဖြင့် ရိုးသားကြိုးစား ဖြေဆိုကြသူများရှိသလို မရိုးမသား ပြုလုပ်ကြသူတို့လည်း ရှိကောင်းရှိပေလိမ့်မည်။ နည်းပညာခေတ်မီတိုးတက်နေသောကာလတွင် မသမာမှုများကို အလွယ်တကူပြုလုပ်နိုင်သဖြင့် စာမေးပွဲနှင့်ပတ်သက်၍ စည်းကမ်းအထူးကြပ် မတ်ထားမှုများလည်း ရှိသင့်သည်။ ကျောင်းသား ကျောင်းသူများအဖို့ စာမေးပွဲအောင်မြင်ရေးအတွက် တစ်ပွဲတိုး၊ ဖြတ်လမ်းလိုက်၊ မသမာမှုများ မပြုလုပ်သင့်ဘဲ မှန်မှန်ကန်ကန် အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းအားထုတ်သင့်သည်။

 

စာမေးပွဲတကာတွင် အလွန်အရေးကြီးသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ရေးအတွက် ကျန်ရှိသောဘာသာရပ်များကို အစွမ်းကုန်ကြိုးပမ်းအားထုတ်နိုင်ပါရန်နှင့် ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့်မလျှော့သောဇွဲလုံ့လထားကာ ဆက်လက်ကြိုးပမ်း အားထုတ်နိုင်ကြပါစေ ကြောင်း တိုက်တွန်းအပ်ပါသည်။ ။ 

ကြေးမုံ