ရခိုင်အရေးကိစ္စနှင့်ပတ်သက်လို့ သဘောထားအမြင်ချင်း ပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့သည့်အပြင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အောင်မြင်ရေး ဆက်လက်ကူညီပံ့ပိုးမည်ဖြစ်ကြောင်း ပြောကြား

တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့

 

(၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ခဲ့ခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်- 

 

 

မေး။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူမှာ တက်ရောက်ခဲ့တဲ့ (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်း အဝေးတွေမှာ ပြည်ထောင်စုဝန်ကြီးလည်း အဖွဲ့ဝင်အနေနဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအစည်းအဝေးတွေနဲ့ ပတ်သက်လို့ အများပြည်သူတွေသိအောင်အနည်းငယ် ရှင်းပြပေးစေချင်ပါတယ်။

 

ဖြေ။ ။ အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံထိပ်သီး အစည်းအဝေးကို ဥက္ကဋ္ဌ တာဝန်ယူထားတဲ့နိုင်ငံမှာ တစ်နှစ် (၂)ကြိမ် ကျင်းပပါတယ်။ ပထမအကြိမ်ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကတော့ အဖွဲ့ဝင်နိုင်ငံ များသာ ပါဝင်တဲ့အစည်းအဝေးဖြစ်ပါတယ်။ ယခုဒုတိယမြောက် ကျင်းပတဲ့ထိပ်သီး အစည်းအဝေးတွေမှာတော့ အာဆီယံထိပ်သီးအစည်းအဝေးအပြင် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြတဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေနဲ့ တစ်နိုင်ငံချင်းစီ ကျင်းပတဲ့ ထိပ်သီးအစည်း အဝေးတွေ အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ တွေ့ဆုံတဲ့ အာဆီယံ အပေါင်းသုံး ထိပ်သီးအစည်းအဝေး၊ အာဆီယံနဲ့ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံတို့ပါဝင်တဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးတွေကိုလည်း ကျင်းပခဲ့ပါတယ်။

 

အာဆီယံနိုင်ငံများရဲ့ ပုံရိပ်နဲ့ အာဆီယံဗဟိုပြုမှုကို တိုးမြှင့်ဖော်ဆောင်ပေး 

 

အဲဒီထိပ်သီးအစည်းအဝေးတွေမှာ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များသာမက ဆွေးနွေးဖက်နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုမြှင့်တင်ပြီး မိမိနိုင်ငံအပါအဝင် အာဆီယံ တစ်ခုလုံးအတွက် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးကြပါတယ်။ အာဆီယံဟာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားနေတဲ့အပြင် ပြင်ပကို ခြိမ်းခြောက်မှုလည်းမရှိတဲ့ ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့အတွက် ယခုအချိန်မှာ အင်အားကြီး နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက အာဆီယံအပေါ် ပိုမိုစိတ်ဝင်စားမှုရှိလာပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံကြီးတွေအကြား တွေ့ဆုံဆွေးနွေးမှုများဟာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများရဲ့ ပုံရိပ်နဲ့ အာဆီယံဗဟိုပြုမှုကို တိုးမြှင့်ဖော်ဆောင်ပေးတဲ့ ထိပ်သီးအစည်းအဝေးတွေ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

 

မေး။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးမတက်ရောက်မီ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးမှာ ပါဝင်မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်နဲ့ ပြောကြားခဲ့တဲ့ အကြောင်းအရာများကို ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာ ဒီနှစ်နဲ့ဆို ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မြန်မာပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေမယ့် ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ မြှင့်တင်ရေးကို အထူးအလေးထားတဲ့အတွက် အခုလိုနှစ်စဉ်ဆက်တိုက် ပါဝင်မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးရဲ့ ထူးခြားချက်ကတော့ အာဆီယံဒေသတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အဖွဲ့အစည်းတွေ၊ အာဆီယံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုတဲ့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြပြီး အာဆီယံဒေသအတွင်းမှာ စီးပွားရေးရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်မယ့် အခွင့်အလမ်းတွေကို လေ့လာဆွေးနွေးတဲ့ ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ အိမ်ရှင် စင်ကာပူဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောပြီး ထိုင်းဝန်ကြီးချုပ်၊ မလေးရှားဝန်ကြီးချုပ်တို့ကလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေသတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆွေးနွေးချက်ကို အထူးစိတ်ဝင်စားမှု အလွန်ကြီးမားကြောင်း သိသိသာသာ တွေ့ ခဲ့ရပါတယ်။

 

ရင်းနှီးမြှုပ်နှံသူများ အားလုံးအတွက် တန်းတူညီမျှမှုရှိ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ “မြန်မာနှင့် အာဆီယံ၌ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး” ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင် အခြေအနေကောင်းများ၊ စည်းမျဉ်းဥပဒေများ ပြင်ဆင်ဖြေလျှော့ပေးတဲ့ အခြေအနေများနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့်ကဏ္ဍများကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံသူများ အားလုံးအတွက် တန်းတူညီမျှမှုရှိပြီး အခွင့်အလမ်း ကောင်းများရရှိစေဖို့ ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ လုပ်ထားသလဲဆိုတာကိုလည်းရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဥပမာပြောရရင် ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အခါမှာလည်း အကျိုးအမြတ်ရရှိရေးအတွက်သာ ဖိတ်ခေါ်တာမျိုးမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံတဲ့ဒေသမှာ အလုပ်အကိုင် အခွင့်လမ်းများရရှိရေး၊ နည်းပညာလွှဲပြောင်းရရှိရေး၊ တစ်ပြေးညီ မျှတစွာဖွံ့ ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေ ရေး စတဲ့အချက်တွေပါဖို့၊ တစ်နည်းအားဖြင့် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးပြုလုပ်ပေးဖို့ အလေးထားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ သင့်တော်တဲ့လုပ်ငန်းမျိုး ဥပမာ - နိုင်ငံသားအများစု အကျိုးရှိစေမယ့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းမျိုး၊ ထုတ်ကုန်တင်ပို့နိုင်တဲ့ လုပ်ငန်းမျိုး၊ သွင်းကုန်အစားထိုးနိုင်မယ့် လုပ်ငန်းမျိုး၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး၊ ဈေးနှုန်းသင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုဇုန် တည်ထောင်ရေးလုပ်ငန်း စတာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်တွင်းမှာ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးသာမက အာဆီယံအတွင်း ဖွံ့ဖြိုးမှုကွာဟ ချက် ကျဉ်းမြောင်းစေရေးအတွက် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေမှာ ဦးစားပေး ရင်းနှီးမြှုပ်နှံဖို့နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ အာဆီယံမှာ ရင်းနှီးမြှုပ်နှံခြင်းလို့ သဘောထားကြစေလိုကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

 

မေး။ ။ ယခု ကျင်းပပြုလုပ်တဲ့ (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဘာတွေအဓိကထား ဆွေးနွေးပြီး ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။

 

ဖြေ။ ။ ယခုကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကြံ့ခံနိုင်စွမ်းရှိပြီး တီထွင်ဆန်းသစ်သည့် အာဆီယံအသိုက်အဝန်းထူထောင်ရေး၊ တိုးတက်ပြောင်းလဲနေတဲ့ ဒေသတွင်း ဗိသုကာမှာ အာဆီယံရဲ့ အခန်းကဏ္ဍနဲ့ ပြင်ပဆက်ဆံရေး၊ အာဆီယံရဲ့ အနာဂတ် ဦးတည်ချက်တို့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံများရင်ဆိုင်နေရတဲ့ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်တဲ့ အစွန်းရောက်အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော် မှုခင်း စတဲ့ကိစ္စရပ်တွေကို ဖြေရှင်းရာမှာ အတူတကွ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 

အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက်

 

အာဆီယံထိပ်သီးအစည်းအဝေးမှာ ကြေညာချက် (၇)ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲက တစ်ခုဖြစ်တဲ့ အာဆီယံအဆင့်မြင့် မြို့တော်များကွန်ရက် (ASEAN Smart Cities Network)ဆိုင်ရာ ကြေညာချက်မှာ အာဆီယံအဆင့်မြင့် မြို့တော်များ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ အလေးထားဖော်ပြထားပါတယ်။ အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှမြို့တော် ၂၆ မြို့ကို ကနဦး ရွေးချယ်ထားပြီး မြန်မာနိုင်ငံမှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ထိပ်သီးအစည်းအဝေးမှာ တတိယနိုင်ငံများသို့ ရောက်ရှိနေသည့် အာဆီယံနိုင်ငံသားများအတွက် အခြားအာဆီယံသံရုံးတစ်ခုက ကောင်စစ်ရေးရာ အကူအညီပေးအပ်ရန် လမ်းညွှန်ချက်ဆိုင်ရာကြေညာချက်၊ မသန်စွမ်းသူများ အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းဆိုင်ရာ စီမံချက် ၂၀၂၅ တို့ကိုလည်း အတည်ပြုချမှတ်ခဲ့ပါတယ်။ ကောင်စစ်လမ်းòန်ချက်ဆိုင်ရာ ကြေညာချက်ဟာဆိုရင် မိမိနိုင်ငံသံရုံး မရှိတဲ့ တတိယနိုင်ငံတစ်ခုမှာ ရောက်ရှိနေတဲ့ အာဆီယံနိုင်ငံသားတစ်ဦးဟာ ကောင်စစ်အကူအညီလိုအပ်ပါက အဲ့ဒီနိုင်ငံမှာရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုခုရဲ့ သံရုံးထံမှ အကူအညီရယူနိုင်မှာ ဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံသားများအတွက် များစွာအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ မိသားစုတစ်ခုတည်းသဖွယ် ဖြစ်လာတယ်ဆိုတာ ပိုမိုထင်ရှားလာမှာဖြစ်ပါတယ်။

 

ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တဲ့ ကိုရီးယားကျွန်းဆွယ်ပြဿနာ၊ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ အကြမ်းဖက်မှု အန္တရာယ်တို့နဲ့ ပတ်သက်လို့ အလေးထားဆွေးနွေးခဲ့ကြပါတယ်။ ကိုရီးယားကျွန်းဆွယ်ပြဿနာနဲ့ တောင်တရုတ်ပင်လယ်ကိစ္စ နှစ်ခုလုံးမှာ အပြုသဘော တိုးတက်မှုတွေ ရှိနေတာကို ကြိုဆိုခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း လေးစား လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ ဆွေးနွေးမှုရဲ့ တိုးတက်မှု အခြေအနေကို ကြိုဆိုခဲ့ကြပြီး တတ်နိုင်သမျှ အစောဆုံးအပြီးသတ် ချမှတ်နိုင်ရေးကို ဆွေးနွေးတိုက်တွန်းခဲ့ကြပါတယ်။ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပတ်သက်ပြီးကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ၊ အမေရိကန် သမ္မတနဲ့ မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်မှာ ထာဝရငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိစေရေးအတွက် ပန်မွန်ဂျုံကြေညာစာတမ်း၊ ပြုံယမ်းကြေညာချက်နဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တို့ရဲ့ ပူးတွဲကြေညာချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့ကြပါတယ်။

 

ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်

 

စီးပွားရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ စုစုပေါင်းကုန်သွယ်မှုပမာဏ အနေနဲ့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၇ တြီလီယံရှိပြီး အဲ့ဒီပမာဏရဲ့ ၃၀ ရာခိုင်နှုန်းခန့်ဟာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အာဆီယံရဲ့ ဝန်ဆောင်မှုဆိုင်ရာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၆၆၀ ဘီလီယံ ခန့်ရှိပြီး ၁၆ ရာခိုင်နှုန်းခန့်ဟာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုဖြစ်ပါတယ်။ ယခုအခါ အာဆီယံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှု အင်အားကြီးနိုင်ငံများဒေသတွင်း၌ အင်အားပြိုင်မှုနည်းပညာများ လျင်မြန်စွာတိုးတက်လာမှု၏ စိန်ခေါ်မှု များနဲ့ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှု ဒဏ်တို့ကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အဲ့ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနှေးကွေးလာမှု၊ နိုင်ငံများရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုနဲ့ ကုန်သွယ်ရေးပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲ၊ ဘယ်လိုပူးပေါင်းဖြေရှင်းကြ မလဲ၊ နိုင်ငံတကာနဲ့ ဆက်လက်ရင်ပေါင်တန်းနိုင်ဖို့ စက်မှုတော်လှန်ရေးခေတ်ကို အားလုံးဘယ်လိုကူးပြောင်းကြမလဲ ဆိုတာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဒေသတွင်း မိတ်ဖက်ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEPနဲ့ ပတ်သက်ပြီး ပါဝင်ကြတဲ့ မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံ၊တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်၊ ဩစတြေးလျတို့အကြား ဆွေးနွေးညှိနှိုင်းမှုဟာ နောက်ဆုံးအဆင့်အထိရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အပြီးသတ်နိုင်ရေးအတွက် ထိပ်သီး အစည်းအဝေးမှာ တိုက်တွန်းခဲ့ကြပါတယ်။

 

မေး။ ။ အခုကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ပြောဆိုဝေဖန်မှုတွေ ပြင်းထန်ခဲ့တယ်လို့ကြားသိရပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံက မြန်မာနိုင်ငံအပေါ် စိတ်မရှည်နိုင်တော့ဘူးလို့ ဝေဖန်ပြောကြားနေကြပြီလို့လည်း အပြင်မှာ သတင်း တွေထွက်နေပါတယ်။ အဲ့ဒါကော မှန်ပါသလား။

 

ဖြေ။ ။ လုံးဝမမှန်ပါဘူး။ အခုကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရခိုင်ကိစ္စနှင့် ပတ်သက်လို့ အချို့က စိုးရိမ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံချင်း မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပုတ်ခတ် ပြောကြားကြတယ်ဆိုတဲ့ သတင်းတွေက လုံးဝမမှန်ပါဘူး။ သတင်း မီဒီယာအချို့က အထင်နဲ့ ခန့်မှန်းရေးသားကြခြင်းဖြစ်ပါတယ်။ အစည်းအဝေးပြင်ပမှာ သတင်းထောက် တွေကို ပြောကြားတာမျိုး ရှိချင်ရှိမယ်။ ထိပ်သီးအစည်းအဝေးမှာတွေ့ဆုံဆွေးနွေးကြတဲ့အခါမှာ အများစုက ရခိုင်အရေးကိစ္စဟာ အလွန်ရှုပ်ထွေး၊ သိမ်မွေ့နက်နဲကြောင်း၊ အဲ့ဒီပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ဝိုင်းဝန်းကူညီကြဖို့လိုအပ်ကြောင်း အပြုသဘော ဆွေးနွေး တိုက်တွန်းပြောကြားကြတာ တွေ့ရပါတယ်။

 

မလေးရှားဝန်ကြီးချုပ်က အစည်းအဝေးမှာ ပြင်းထန်စွာ ထိုးနှက်ပြောကြားတယ် ဆိုတာလည်းမဟုတ်ပါဘူး။ သူပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေအတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့်လည်း ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများစွာကို လက်ခံထားရကြောင်း၊ ဒီပြဿနာကိုဖြေရှင်းဖို့ အဖြေတစ်ခုရှိရမည်ဟု ယူဆကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ကြောင်း၊ သို့သော်လည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်စွန့်ခွာသွားသူများမှာ ပြန်လာရန်လုံခြုံမှုမရှိသေးဟု ခံစားနေကြကြောင်း၊ ၎င်းတို့ စိုးရိမ်ကြောက်ရွံ့မှုကင်းစွာဖြင့် နေထိုင်နိုင်ရန် လိုအပ်ချက်ကို နားလည်ပြီး ပြဿနာကို လျော့ပါးလာအောင် မိမိတို့မိတ်ဆွေ မြန်မာခေါင်းဆောင်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းမျှသာ သံတမန်နည်းလမ်းနဲ့ ပြောကြားသွားခဲ့ပါတယ်။ အင်ဒိုနီးရှားခေါင်းဆောင်ကလည်း ရခိုင်ပြဿနာကြာရှည်နေပါက မြန်မာနိုင်ငံအတွက်ရော၊ အာဆီယံအတွက်ပါ မကောင်းတဲ့အတွက် အာဆီယံအနေနဲ့ လည်း ဒီပြဿနာ ကူညီဖြေရှင်းရေးမှာ ပါဝင်သင့်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာနေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်အောင် အခြေအနေကောင်းတွေဖန်တီးပေးဖို့နဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ကြိုးပမ်းရာမှာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ကူညီပံ့ပိုးပေးဖို့ အသင့်ရှိကြောင်း ကူညီပံ့ပိုးရေး ရှုထောင့်က ပြောခဲ့တာတွေ့ရပါတယ်။ ပြင်ပသတင်း မီဒီယာအချို့မှာ ချဲ့ကား ဖော်ပြခဲ့ကြသလို အာဆီယံနိုင်ငံခေါင်းဆောင်တွေအချင်းချင်း ဝေဖန်ပုတ်ခတ် ပြောကြားမှုတွေ မရှိခဲ့ပါဘူးဆိုတာ ပြောချင်ပါတယ်။ အာဆီယံနိုင်ငံတွေဟာ ထိလွယ်ရှလွယ်ကိစ္စတွေနဲ့ ပတ်သက်လို့ မိသားစုချင်း သိုသိပ်စွာ အလွတ်သဘောအသိပေးပြောကြားရတဲ့ အစဉ်အလာထုံးစံရှိပါတယ်။ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ ပြဿနာဖြေရှင်းရေးမှာ အာဆီယံက မြန်မာနိုင်ငံကို ဘယ်ပုံဘယ်နည်းနဲ့ ကူညီပံ့ပိုးနိုင်မယ်ဆိုတာကို အပြုသဘောနဲ့ဆွေးနွေးသွားခဲ့ကြပါတယ်။

 

မေး။ ။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့အစည်းဝေးတွေမှာ မြန်မာဘက်က ဘယ်လိုတုံ့ပြန် ပြောကြားခဲ့တယ်ဆိုတာ သိပါရစေ။

 

ဖြေ။ ။ ဒီကိစ္စဆွေးနွေးတဲ့အခါမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်း အဝေးနဲ့ ထိပ်သီးအစည်းအဝေးနှစ်ပိုင်း ရှိပါတယ်။ ဝန်ကြီးအဆင့်အစည်း အဝေးမှာ မိမိအနေနဲ့ ရခိုင်အရေး ကိစ္စနဲ့ပတ်သက်လို့ အထူးသဖြင့် ပထမအသုတ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာနိုင်ငံဘက်မှာ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေတွေ၊ လက်ခံရေး၊ နေထိုင်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ပြင်ဆင်ထားမှုတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင် ပြည်နယ်ရဲ့ လူသားချင်း စာနာထောက်ထားမှုအခြေအနေနဲ့ပတ်သက်လို့ ဖြေရှင်းရာမှာ အာဆီယံအဆင့်အနေနဲ့ ညီညွတ်မှုပြသတဲ့ အနေဖြင့် ကူညီပံ့ပိုးပေးနေတယ်ဆိုတာ ကမ္ဘာကသိအောင် ဆောင်ရွက်ဖို့လိုတယ်ဆိုတာကို နားလည်ကြောင်း၊ ဒါကြောင့် အာဆီယံအနေနဲ့ ပြန်လည်ဝင်ရောက်လာသူများ လက်ခံနေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတွေ ကူညီနေကြသလိုပါဝင်ကူညီနိုင်ကြောင်း၊ ယင်းသို့ကူညီရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်နေတဲ့ UEHRD နဲ့ပူးပေါင်းဆောင်ရွက်ကာ အကူအညီ လိုအပ် ချက်တွေလေ့လာပြီး အကူအညီပေးရေးစီမံချက်တွေ ရေးဆွဲချမှတ်နိုင်ဖို့ အာဆီယံ ရဲ့လူသားချင်းစာနာမှုအကူအညီပေးရေးဌာနဖြစ်တဲ့ AHA Centre မှ အဖွဲ့တစ်ဖွဲ့စေလွှတ်နိုင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒီအကြံပြုချက်ကိုလည်း အာဆီယံကကြိုဆိုခဲ့ကြပါတယ်။ အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအဆင့်အစည်းအဝေးမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိတ်ဆွေများရဲ့ စိုးရိမ်သံများကို ကြားသိပါကြောင်း၊ ဒီပြဿနာဖြေရှင်းရေးအတွက် ကူညီပံ့ပိုးရန် ကမ်းလှမ်းချက် တွေအတွက် ကျေးဇူးတင်ကြောင်း၊ AHA Centre အနေနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ ဘယ်လိုကူညီနိုင်မည်ဆိုတာ ဆွေးနွေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အသိုက်အဝန်းအားလုံး လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးစရာ အခွင့်အလမ်းတွေရှိတဲ့အပြင် AHA အဖွဲ့တွေ ရှိနေခြင်းအားဖြင့် ယုံကြည်မှုကိုလည်း တစ်နည်းတစ်လမ်း မြှင့်တင်ပေး နိုင်မှာဖြစ်ပြီး ပြန်လည် ဝင်ရောက်လာသူများအတွက် လုံခြုံမှုကို ခံစားနိုင်စေမည်ဖြစ်ကြောင်းနဲ့ ၎င်းတို့အား ပြန်လည်လက်ခံနေရာချထားရေး လုပ်ငန်းစဉ်မှာအာဆီယံပါဝင်ပံ့ပိုးနိုင်သည့် အသေးစိတ်နည်းလမ်းများကို ဝန်ကြီးအဆင့်တွင်ဆက်လက်ဆွေးနွေးသွားကြရန်ဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတနှင့်တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ကြိုးပမ်းရာမှာပြန်လည်လက်ခံရေးလုပ်ငန်းကာလတွင် သာမက ရေရှည်အနာဂတ်အတွက်ပါအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

မေး။ ။ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေးက ဘာတွေသဘောတူညီမှုရခဲ့ပါသလဲ ဆိုတာ သိပါရစေ။

 

ဖြေ။ ။ ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ထူးခြားတဲ့ရလဒ်ကတော့ ရခိုင် အရေးကိစ္စ၊ အထူးသဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးမှာ အာဆီယံအနေနဲ့ ကူညီပံ့ပိုးဖို့ မြန်မာနိုင်ငံရဲ့ ကမ်းလှမ်းချက်ကိုအာဆီယံက သဘောတူလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ စာပိုဒ်တစ်ပိုဒ်ကို အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာဖော်ပြနိုင်ခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေက ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံး အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဟဇာတရှိရေး၊ပြန်လည်သင့်မြတ်ရေးနဲ့ စဉ်ဆက်မပြတ် တန်းတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမယ်၊ မြန်မာနိုင်ငံကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုများပေးရန် အသင့်ရှိတယ်ဆိုတဲ့အကြောင်း ဖော်ပြခဲ့တဲ့အပြင် မြန်မာနိုင်ငံက အာဆီယံ၏ AHA Centre မှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာကူညီပံ့ပိုးနိုင်မယ့် နယ်ပယ်လေ့လာရှာဖွေဆွေးနွေးဖို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ပေးဖို့ ဖိတ်ကြားချက်ကို အာဆီယံခေါင်းဆောင်တွေက လက်ခံကြိုဆိုလိုက်ကြပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ အာဆီယံအနေနဲ့ ပါဝင်ကူညီပံ့ပိုးပေးဖို့ သဘောတူညီလိုက်ခြင်းဟာ အာဆီယံအနေနဲ့လည်း စည်းလုံးညီညွတ်မှု မိသားစုစိတ်ဓာတ်နဲ့ ကူညီပံ့ပိုးမှုပေးခွင့်ရတဲ့အတွက် မြန်မာနိုင်ငံအတွက်ရော အာဆီယံအတွက်ပါကောင်းမွန်တဲ့ အပြုသဘောတိုးတက်မှုတစ်ရပ် ဖြစ်ပါတယ်။

 

မေး။ ။ ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်ပြီး အာဆီယံရဲ့ဆွေးနွေးဖက်ဆက်ဆံရေး နိုင်ငံများ အထူးသဖြင့် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်လို နိုင်ငံတွေနဲ့ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဘာထူးခြားမှုတွေရှိခဲ့ပါသလဲ။ မြန်မာနိုင်ငံအနေနဲ့ရော ဘာအကျိုးများရရှိနိုင်မယ် ထင်ပါသလဲ။

 

ဖြေ။ ။ များစွာအကျိုးရှိပါတယ်။ ပထမအချက်က တိုင်းပြည်အကျိုးစီးပွားအတွက် အဲဒီ အာဆီယံရဲ့မိတ်ဖက်နိုင်ငံ ခေါင်းဆောင်တွေနဲ့ သံခင်းတမန်ခင်းထိတွေ့မှုပြုလုပ်ဖို့ဆိုရင် မိမိတို့အနေဖြင့် ဝေးလံတဲ့ အဲဒီနိုင်ငံတွေကို သွားရမှာ ဖြစ်တယ်။ အခုတော့ တစ်နေရာတည်းမှာ တွေ့ဆုံဆွေးနွေးခွင့်တွေရခဲ့တယ်။ ဆွေးနွေးဖက်နိုင်ငံတွေ ကလည်း ဒေသတွင်းဆွေးနွေးမှု ယန္တရားတွေမှာ၊ အာဆီယံရဲ့ ဦးဆောင်မှုနဲ့ အာဆီယံဗဟိုပြုမှုတို့ကို အလေး ထား ထောက်ခံကြတာကိုလည်း တွေ့ရပါတယ်။ တစ်ဆက်တည်းမှာလည်း ထိပ်သီးအစည်းအဝေးကာလ အတွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တရုတ်ဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ အမေရိကန် ဒုတိယသမ္မတတို့နဲ့သီးခြားစီ နှစ်နိုင်ငံချင်း တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်မယ့်လုပ်ငန်းတွေကို ဆွေးနွေးနိုင်ခဲ့တဲ့အပြင် ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်လို့ မိမိတို့သဘောထားအမြင်တွေကို ပိုမိုနားလည်အောင် ရှင်းလင်းပြောကြားခွင့်ရခဲ့ပါတယ်။ အမေရိကန် ဒုတိယသမ္မတနဲ့တွေ့ဆုံခြင်းဟာ အဆင့်မြင့်ခေါင်းဆောင်အဆင့်မှာ ပထမဆုံးတွေ့ဆုံခြင်းဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေးအတွက် ထူးခြားမှုရှိစေခဲ့ပါတယ်။ ရခိုင်အရေးကိစ္စနှင့်ပတ်သက်လို့ သဘောထားအမြင်ချင်း ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည့်အပြင် အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ တဲ့အတွက် အကျိုးရှိတဲ့ တွေ့ဆုံမှုလို့ ဆိုရမှာဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို များစွာအကျိုးပြုဒုတိယအချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံချင်းရော အာဆီယံအဖွဲ့ အစည်းကတစ်ဆင့်ပါ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်တဲ့အတွက် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို များစွာအကျိုးပြုစေပါတယ်။ ဥပမာ-အခုထိပ်သီးအစည်းအဝေးမှာ အာဆီယံ- ရုရှားဆက်ဆံရေးကို မဟာဗျူဟာမြောက်ဆက်ဆံရေးအဆင့်တိုးမြှင့်နိုင်ခဲ့ပါတယ်။ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိပြီဆိုရင် သက်ဆိုင်ရာကဏ္ဍနယ်ပယ်မျိုးစုံမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရပါတယ်။ ယခု အာဆီယံနဲ့ ရုရှားအကြားမှာဆိုရင် လုံခြုံရေး၊ သတင်းအချက်အလက် နည်းပညာ၊ စီးပွားရေး စတဲ့ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမှာဖြစ်တဲ့အတွက် မိမိတို့နိုင်ငံအတွက်လည်း အကျိုးကျေးဇူးတွေရလာမှာ ဖြစ်ပါတယ်။

 

အခြားဆွေးနွေးဖက် ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီကလည်း အာဆီယံက အကူအညီတွေ အများကြီးရပါတယ်။ ဥပမာ-ဂျပန်ဆိုရင် သူ့ရဲ့ အရည်အသွေးမြင့် အခြေခံအဆောက်အဦစီမံကိန်းကတစ်ဆင့် အာဆီယံဒေသရဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ပေးရေးဆွေးနွေးနေပါတယ်။ ဩစတြေးလျ ဆိုရင်လည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသားအမြောက်အမြားကို ပညာသင်ဆုများ ပေးအပ်လျက်ရှိပါတယ်။ တရုတ်နိုင်ငံဆိုရင် အာဆီယံရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ နှစ်ဖက်ကုန်သွယ်မှုကိုအမေရိကန်ဒေါ်လာ ၁ တြီလီယံအထိရှိဖို့ ရည်မှန်းထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ကလည်း မြန်မာနိုင်ငံက မြို့တော်(၃) ခု အပါအဝင် အာဆီယံမြို့တော်တွေ ခေတ်မီအောင်ဆောင်ရွက်မယ့် Smart City Network လုပ်ငန်းအစီအစဉ်တွေမှာ ကူညီပံ့ပိုးသွားကြမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကလည်း အခြားနိုင်ငံများနှင့်တန်းတူဖွံ့ဖြိုးတိုးတက်မှုရှိစေဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် နယ်ပယ်ပေါင်းစုံ တိုးတက်စေဖို့အတွက် အာဆီယံမူဘောင်အောက်ကနေ အဲဒီမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းနဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။ ။