ရခိုင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆

 

ရခိုင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်နှင့် နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၇၈ ဆုကို ပေးအပ်ချီးမြှင့်သည်။

 

 ယနေ့နံနက်ပိုင်းတွင်  စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့က (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့တွင် ဖျော်ဖြေ တင်ဆက်ခဲ့သည့် ဆီမီးတစ်ထောင်ကြာသွပ်ပွဲယိမ်းအကဖြင့် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများနှင့် ကဗျာလွတ်အကပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြိုင်ပွဲများတွင် ဘာသာရပ်အလိုက်ဆုရရှိသူများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ရခိုင် ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ပြိုင်ပွဲဝင်ရန်သတ်မှတ်ထားရှိသည့် မွန်ရိုးရာယိမ်းအကဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ဆုရရှိကြသူများနှင့် ယိမ်းအဖွဲ့များက ငါရို့ရခိုင်သားတေးသီချင်းဖြင့် စုပေါင်း ကပြဖျော်ဖြေကြသည်။

 

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်နေ့ ထိကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၁၃၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)