ရခိုင်ပြည်နယ် စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လှုပ်မှုစွမ်းအား ပြည့်ဝရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေး

နေပြည်တော်   ဇန်နဝါရီ   ၂၅

ရခိုင်ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ပြည့်ဝရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မျှော်မှန်းအထွက် ရာနှုန်းပြည့်မီရေး၊ အရည်အသွေးကောင်း အထွက်နှုန်းကောင်း သီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင်ရေး၊ မိုးများဒေသဖြစ်၍ ရေထုတ်မြောင်းများ ကုန်ထုတ်လမ်းများ ပါဝင်သည့် စနစ်ကျ လယ်မြေများ ဖော်ထုတ်လုပ်ကိုင်ရေး လယ်ယာသုံး စက်ကိရိယာ ပြုပြင်၊ ထိန်းသိမ်း၊ မောင်းနှင်ခြင်း သင်တန်းများ ဖွင့်လှစ်ပေးရေး၊ ပုဂ္ဂလိက လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရေး ကိစ္စရပ်များကို လည်းကောင်း၊ စပါးအပြီး ဆီထွက်သီးနှံ သို့မဟုတ် ပဲသီးနှံကို ဒုတိယသီးနှံအဖြစ် သီးထပ်စိုက်ပျိုးနိုင်ရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ရှိနေသည့် နှစ်ရှည်သီးနှံ အုန်း၊ သီဟိုသရက်၊ ဥယျာဉ်ခြံသီးနှံနှင့် မြေပြန့်ကော်ဖီ များကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာစေရန် အားပေးဆောင်ရွက်ရေး၊ ဒေသနှင့်ကိုက်ညီပြီး အလား အလာရှိသည့် ငါး၊ ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ သဘာဝ ကဏန်းများ မျိုးသုဉ်းမှုမဖြစ်စေရေးအတွက် သားဖောက်မျိုးထိန်းရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း အလေ့အထ ထွန်းကားလာရေးနှင့် နွား၊ ဆိတ်မွေးမြူမှု ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း။
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးအသုံးပြုနိုင်မှု အခြေအနေပေးသည့် နေရာများ ရွေးချယ်၍ ကုန်ချော ထုတ်လုပ်သည့် စီးပွားရေးဇုန်များ တည်ထောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျောက်တော် စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် မွေးမြူရေး ဒီပလိုမာ ဖွင့်လှစ်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်း လိုအပ်လျက်ရှိသော ငါးလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် လယ်ယာ လုပ်ငန်းသုံး စက်မောင်း စက်ပြင် သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး ဆိုက်ရောက်၊ ထွက်ခွာခြင်း၊ ပင်လယ်ပြင် ငါးဖမ်းဆီးခြင်း စသည့် ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၏ လှုပ်ရှားသွားလာ လုပ်ကိုင်နေမှုများကို တည်ဆဲဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး စောင့်ကြည့်ထိန်းချုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ General Food Technology Industry Co., Ltd ၏ ဂျပန်၊ ဥရောပနှင့် ဩစတေးလျနိုင်ငံ ဈေးကွက်များသို့ တင်ပို့နေသော အရည်အသွေးမြင့် ပုစွန်နှင့် ကင်းမွန်ကို အခြေခံသည့် တန်ဖိုးမြင့် အသင့်စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်