မောင်တော အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်စာရင်း ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်အဖွဲ့မှ အဖွဲ့များခွဲ၍ ကောက်ယူလျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးနေဦးနှင့် ကော်မတီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မောင်တောမြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအနက် မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့ သုံးဖွဲ့ဖြင့် နှစ်ရက်တာကောက်ယူလျက်ရှိပြီး မင်္ဂလာကြီးကျေးရွာအုပ်စုတွင် ကောက်ကွက် ၅ ကွက်ရှိရာ ကောက်ကွက် တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့ သုံးဖွဲ့ဖြင့် အောက်တိုဘာ ၃ ရက်မှ ၁၅ ရက်ထိ ကောက်ယူမည်ဖြစ်သည်။ အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့များအနေဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ကောက်ယူနိုင်ရေး ဌာနဆိုင်ရာများပါဝင်သည့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မတီများအလိုက် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင် ပြန်/ဆက်)