ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်

 

 

နေပြည်တော် ဇွန် ၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ၊န ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်သည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးသို့ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာများမှာကြားပြီး တာဝန်ရှိသူများ၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထို့နောက် စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာရှိ ရွှေကျားရက်ကန်းအလုပ်သို့ ရောက်ရှိပြီး အလုပ်ရုံပိုင်ရှင်မှ လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြရာ လိုအပ်သည်များ မှာကြား၍ အလုပ်ရုံ အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

 

ဆက်လက်ပြီး ကျားမသောက်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးအောင်သန်းတင် ၏ ပဲစိုက်ခင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွာသစ်ကေကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာသူ/ သားများ ကိုယ်တိုင်ဆောင်ရွက်ခဲ့သော ကျေးရွာမြောက်ဘက်လမ်း (၆၂၀’x ၈’x၇’) ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည်တံ့နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ စစ်တွေမြို့နယ်၊ မြောက်စံပြရပ်ကွက်ရှိ မင်းသားလေး အထွေထွေစီးပွားရေး သမဝါယမအသင်းသို့ ရောက်ရှိကာ အသင်းတာဝန်ရှိသူများ၏ လုပ်ငန်းများ ဆောင်ရွက်နေမှုကို တင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အသင်းအ‌ရောင်းဆိုင်ကို ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် စစ်တွေမြို့၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက္ကန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြရာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးက သင်တန်းသား/ သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ သမဝါယမအသင်းစုချုပ်သို့ ရောက်ရှိပြီး အသင်းဥက္ကဋ္ဌ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက သမဝါယမအသင်းများ အနေဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ အသင်းမှ ထုတ်ချေးပေးထားသော ချေးငွေများ ပြန်လည်ရရှိရေး တတ်စွမ်းသမျှ နည်းလမ်းရှာဖွေ ဆောင်ရွက် ကြရန်နှင့် အသင်းသားတောင်သူများအတွက် ထွန်စက်များ၊ လယ်ယာသုံး စက်ကိရိယာများနှင့် စိုက်ပျိုးရေး သွင်းအားစုများ ‌ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn