ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို သံတွဲမြို့ရှိ ငပလီအပန်းဖြေကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန် ၁၈ ဇန်နဝါရီ 


ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲကို သံတွဲမြို့ရှိ ငပလီအပန်းဖြေကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Survey Research (MSR)မှ အကြီးတန်း သုတေသန အမှုဆောင် ကိုဉာဏစိုးက ပြောသည်။


MSR မှ အကြီးတန်းသုတေသန အမှုဆောင် ကိုဉာဏစိုး က "အစိုးရသစ် ချမှတ်ထားတဲ့ National Economic Policy  ၁၂ ချက်ထဲမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ အချက်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အကုန်လုံး ဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အခန်းကဏ္ဍတစ်ခုမှာရှိပါတယ်။ အခုလက်ရှိမှာ FDI တွေက ရန်ကုန်နဲ့ မန္တလေးမှာပဲဝင်နေတယ်။ အခြားပြည်နယ်တွေမှာ မဝင်တော့ ကျွန်တော်တို့ကအခြား ပြည်နယ်နဲ့တိုင်းတွေမှာ FDI စိတ်ဝင်စားလာအောင် ရင်းနှီးမြှုပ်နှံမှု ပြပွဲတွေ ကိုလုပ်နေတာ ဖြစ်ပါတယ်" ဟုပြောသည်။


ယင်းကဲ့သို့ ဆောင်ရွက်မှုအနေဖြင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီ အပန်းဖြေကမ်းခြေတွင် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ စည်ကားသိုက် မြိုက်စွာကျင်းပသွားမည် ဖြစ်သည်။


အဆိုပါပြပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း(JETRO)နှင့် Myanmar Survey Research Co.,Ltd. (MSR)တို့နှင့် အခြားသော ကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်သည်။


ပြပွဲပထမနေ့တွင် ရခိုင်ရိုးရာအကပဒေသာ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ အပန်းဖြေ မိတ်ဆုံစားပွဲကိုလည်းကောင်း၊ ဒုတိယနေ့တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြခန်းများ ဖွင့်လှစ်ပြသသွားမည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုများ၊ နှစ်ဖက် နားလည်မှု စာချွန်လွှာလက်မှတ်ထိုးမှု အစီအစဉ်များ၊ ဒေသခံလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှု စကားဝိုင်းများကိုလည်းကောင်း၊ တတိယနေ့တွင် ငပလီကမ်းခြေရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ အအေးခန်းများ၊ ရေလုပ်ငန်းများနှင့် သံတွဲမြို့ရှိ ပြည်ပ ပို့ကုန် ရေထွက်ပစ္စည်းလုပ်ငန်းကိုလည်းကောင်း သွားရောက်လေ့လာကြမည်ဖြစ်သည်။


"အဓိကကတော့ ငပလီကမ်းခြေနား တစ်ဝိုက်နဲ့ ရခိုင်မှာ ဒီလိုလုပ်ငန်းတွေလုပ်လို့ရတယ် ဆိုတာကို တက်ရောက်လာကြတဲ့ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြချင်တယ်။ လာရောက်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်စေချင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အခြားသောပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ နည်းနေတယ်။ ဒါ့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ ဖြစ်ဖြစ်၊ နှစ်ခုပဲဖြစ်ဖြစ် ဝင်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာမယ်။ အဲဒီဒေသမှာ ဆက်စပ်နေတဲ့ အကြောင်းအရာတွေက တိုးတက်မှုတွေဖြစ်လာမှာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်" ဟု ကိုဉာဏစိုး က ဆိုသည်။


ထိုကဲ့သို့ကျင်းပနိုင်ရန် MSR အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် စစ်တမ်းကောက်ယူမှုများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ပြုလုပ်ခဲ့သည်။ စစ်တမ်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စီးပွားရေးအခွင့်အလမ်းများနှင့် ပတ်သက်၍ အဓိကထား ကောက်ယူမှုများပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို ရင်းနှီးမြှုပ်နှံမှု ပြပွဲတွင် အစီရင်ခံစာထုတ် ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-MSR