ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး

၁၃ မတ်
 

 

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်ကဦးဆောင်လျက် ပြည်ထောင်စုစီမံကိန်းအဖြစ် ဖော်ဆောင် လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စွပ်စွဲချက်များအပေါ် မှန်ကန်သည့် ရပ်တည်ချက်များဖြင့် တုံ့ပြန်ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

 

လွတ်လပ်မှုနှင့် ဒီမိုကရေစီရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာခေါင်းဆောင်များအနေဖြင့် လူသားမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်ခဲ့ခြင်းမရှိ၊ ထောက်ခံအားပေးခြင်းလည်းမရှိ၊ ယင်းသို့ မဖြစ်စေရန်အတွက်လည်း အစွမ်းကုန်ကာကွယ်လျက်ရှိသည်။

 

ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်က အစဉ်အဆက် ကြိုးပမ်း ဖော်ဆောင်ပေးလျက်ရှိရာ ၂၀၁၇ခုနှစ် ဩဂုတ်လအထိ ပုံမှန်အခြေအနေတွင် ရှိနေခဲ့သည်။

 

ထို့နောက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူပေါင်းများစွာ နေရပ်မှ စွန့်ခွာ သွားကြသောအခါ ရခိုင်ပြည်နယ်၏ အခြေအနေမှာပြောင်းလဲသွားခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်းအခြေအနေသည်မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာကထားရှိသည့် သဘောထားအမြင်မှာ အပြုသဘော မဆောင်သည့် အခြေအနေများ ဖြစ်ပေါ်စေခဲ့သည်။ထိုအထဲတွင် မမှန်သတင်းများ၊ သွေးထိုးလှုံ့ဆော်မှုများနှင့် မရိုးဖြောင့်သောကြံစည်အားထုတ်မှုများက မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်စေခဲ့သည်။

 

မြန်မာနိုင်ငံသည် ဆယ်စုနှစ် ငါးခုမျှကြာမြင့်သည့် တပ်မတော်အုပ်ချုပ်သည့်စနစ်ကို စွန့်လွှတ်၍ ဒီမိုကရေစီ ခိုင်မာစွာအမြစ်တွယ်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ကိုလိုနီအုပ်ချုပ်ရေးစနစ်၊ အာဏာရှင်စနစ်၊ ပြည်တွင်းပဋိပက္ခများ၊စိန်ခေါ်မှုများအား ကျော်ဖြတ်ပြီးနောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်ရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

အရပ်သားအစိုးရက နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက်သည့်အချိန်မှစတင်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်အသက်ဝင်အောင် ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်ရာတွင် ခက်ခဲနက်နဲရှုပ်ထွေးမှုများ ရှိသော်လည်း သိသာထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှု ရရှိအောင်ဆောင်ရွက်ခဲ့ရာ မကြာသေးမီကာလက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ရယူဆောင်ရွက် နိုင်ခဲ့ခြင်းမှာ အောင်မြင်မှု သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည်။

 

နိုင်ငံတော်အစိုးရ၏ ထိုသို့ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မျက်ကွယ်ပြု၍ နိုင်ငံတကာ အသိုက် အဝန်းနှင့် ပြည်သူတို့အပေါ် အထင်အမြင်လွဲမှားအောင် ပြုမူလုပ်ကိုင်ဆောင်ရွက်မှုများသည် အပြုသဘော ဆောင်ကြိုးပမ်းအားထုတ်မှုများကို ပိုမိုရှုပ်ထွေးစေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ သံသယများ တိုးပွား စေပါသည်။ ထို့ကြောင့်လူသားအချင်းချင်း စာနာထောက်ထားမှုဖြစ်စေရေး၊ ပြည်သူအားလုံးတန်းတူညီမျှ အတူတကွ ဖွံ့ဖြိုးတိုတက်ရေးကို အမှန်တကယ် ဖြစ်ထွန်းစေလိုပါလျှင် အပြုသဘောမဆောင်သည့် ပြုမူမှု၊ ရန်လိုသည့် ဝေဖန်ပြစ်တင်မှု၊ အလျဉ်စလို ဆုံးဖြတ်လုပ်ကိုင်မှုများ မပြုလုပ်သင့်ချေ။ အပြုသဘောဆောင်သည့် နည်းလမ်းများဖြင့်သာ ရှေ့ဆက်ဆောင်ရွက်သွားသင့်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာ သွားကြသည့်သူများအပါအဝင် ထိခိုက်နစ်နာသည့် ပြည်သူတို့အပေါ်တွင် အလေးအနက်ထား ဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအကြမ်းဖက်သမားများ၏ သားကောင်မဖြစ်စေရေးကို အထူးဂရုစိုက် စောင့်ရှောက်ကာကွယ်ပေးနိုင်ရန်အတွက် လုံခြုံရေးတိုးမြှင့် ချထားပေးကာ အစွမ်းကုန်ကာကွယ်ပေးနေသည်ကို တွေ့ရသည်။

 

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရှုပ်ထွေးမှုများနှင့် စိန်ခေါ်မှုများကို လူ့အသိုက်အဝန်း တစ်ရပ်တည်းအတွက် လူ့အခွင့်အရေးဆိုင်ရာ ကျဉ်းမြောင်းသည့် ဘောင်အတွင်းမှ သီးသန့်ရှုမြင်စဉ်းစား၍ မရနိုင်ပါ။ပြည်သူအားလုံး၏ အကျိုးစီးပွားကို ရှေးရှု၍သာ ဆောင်ရွက်မှသာတရားမျှတမှုရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ် စိတ်ရင်းမှန်စွာဖြင့် ကူညီပံ့ပိုးမည်ဆိုပါလျှင် ပိုမို၍ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသည့်ချဉ်းကပ် ဆောင်ရွက်မှု မျိုးဖြင့်သာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အသိုက်အဝန်းအားလုံး တန်းတူညီမျှ အေးချမ်းသာယာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အပြုသဘောဆောင်၊ အကောင်းမြင်စိတ် ထားဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ ။