ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်

စစ်တွေ ဇွန် ၂၄

 

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သဘာဝဘေးကျရောက်လာခဲ့ပါက ကနဦးအချက်အလက်များရရှိရန် လိုအပ်သည့်အတွက် စာရင်းအချက်အလက်များကို မှန်မှန်နှင့်မြန်မြန် သိရှိနိုင်ရန်လိုကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကနဦးသိရှိရမည်ဆိုလျင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စာရင်းအချက်အလက်များ စနစ်တကျပံ့ပို့ပေးခြင်းဖြင့် ပြန်လည်ထူထောင်ရေးနှင့် စီမံကိန်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်မှာရှိသည့် လုပ်ငန်းကော်မတီ (၁၂)ရပ်ထဲတွင် အပါအဝင်ဖြစ်သော ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်း ကော်မတီကို ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်အမှတ်ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးတာဝန်ကို ဗဟိုစာရင်းအင်းအဖွဲ့က ဆောင်ရွက်ရပြီး သဘာဝဘေးတစ်ခုကျရောက်ခဲ့လျင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး စာရင်းအင်းအချက်အလက်များ စုစည်းရရှိနိုင်ရန်ဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်လာခဲ့လျင် ဌာနဆိုင်ရာများမှာ အခြေခံစာရင်းများရှိထားသည့်အတွက် ပျက်စီးသည့်ဌာနမှ မိမိတို့ကိုယ်တိုင် ကောက်ယူထားသောစာရင်းများ၊ ကိန်းဂဏန်းများမှာ မှန်ကန်၊ တိကျ၊ ပြည့်စုံမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသည့် ဌာနဆိုင်ရာများမှ အရာထမ်းများအနေဖြင့် ရှင်းလင်းပိုးချမည့် မေးခွန်လွှာပုံစံကို နားလည်သဘောပေါက်အောင် ဂရုတစိုက်နားထောင်ပြီး ပြန်လည်ဆွေးနွေးပေးကြစေလိုကြောင်း၊ သို့မှသာ သဘာဝဘေးပေါ်ပေါက်လာခဲ့လျင် အချိန်နှင့်တစ်ပြေးညီ မှန်ကန်သည့် စာရင်းရရှိနိုင်ရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ပြည်နယ်တာဝန်ခံ ဒေါ်ဝါဝါမြင့်က ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

 

ထို့နောက် သင်တန်းအား ဆက်လက်ပို့ချသင်ကြားရန် ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းထွန်းနှင့် ဒေါ်သန်းသန်းစိုးတို့က သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံများအား ရှင်းလင်းပို့ချကြရာ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

တင်ထွန်း(ပြန်/ဆက်)