ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇွန်    ၂၈

 

နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို    သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ    သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ   ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို  ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။

 

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ   ယနေ့တွင်    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်   ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကုလားဘာတောင်   ရပ်ကွက်ရှိ သိမ်တောင်ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အား  ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ် ဝတ္ထုများလှူဒါန်းကာ     အဆိုပါ ကျောင်းတိုက်အတွင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က    ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှု၍  ဆေးကုသမှုခံယူနေသူများကို ဆီ၊ ရေသန့်နှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ    ပြောကြားသည်။ ထို့ပြင် တောင်ရင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာ အနီး     သုသာန်အဝင်လမ်းဘေး ဝဲ/ယာရှိ  စွန့်ပစ် အမှိုက်ပုံကြီးအား     တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊    မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ စက်ယန္တရားများဖြင့်  ရှင်းလင်းဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ စွန့်ပစ်အမှိုက်များအား သတ်မှတ်နေရာများ၌သာ စနစ်တကျစွန့်ပစ်စေရေး  လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင်ရာ     တာဝန်ရှိသူများနှင့် အတူ ကကျက်ဘက်ကျေးရွာအုပ်စု ကကျက်ဘက်ကျေးရွာ   အခြေခံ ပညာ   အလယ်တန်းကျောင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က (အခမဲ့)    ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှု     အားပေးစကားများပြောကြားပြီး   ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အဆိုပါ စာသင်ကျောင်း တွင်     မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးသွားသည့်  စာသင်ကျောင်းအမိုး ပြင်ဆင်ပြီးစီးမှုအား သွားရောက် ကြည့်ရှုပြီး    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးသည်။

 

ထို့ပြင် ဘူးသီးတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဂိုဒေါင်တွင် မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်သည့်ထောက်ပံ့ ပစ္စည်းများရောက်ရှိမှု၊  ဖြန့်ဝေထားရှိမှု၊  လက်ကျန်စာရင်းများကိုက်ညီမှု ရှိ/မရှိ အခြေအနေများ အား စစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့အတူ    မြောက်ဦးမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ်သောင်းထိုက်ရွှေသည်      ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့တော်ဝန်ခန်းမ၌ ဒေသခံပြည်သူများအား မျိုးစပါးများ ထောက်ပံ့ပေးနေမှုကို သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိနေသော  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ   ဗိုလ်မှူးချုပ် ဝင်းမောင်သည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဏက မြို့နယ်အတွက် မျိုးစပါးများ တင်ဆောင်လာသော ကားများ ရောက်ရှိလာသဖြင့် အဆိုပါ မျိုးစပါးများအား မြို့နယ်စိုက်ပျိုးရေးရုံးရှိ ဂိုဒေါင်ထဲသို့ စနစ်တကျ ထည့်သွင်းနေမှုကို    သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့အတူ မြေပုံမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  နေပြည်တော် ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်များ ပါဝင်သည့် နယ်လှည့် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးကုသပေးနေမှုများ ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်