ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၁၆၉၆ ရွာ လျှပ်စစ်မီးလင်း

နေပြည်တော် ၉ နိုဝင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း (၁၁/၂ဝ၁၇) အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇)၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဓာတ်အားရရှိသုံးစွဲမှုအနေဖြင့် စာရင်းရှိ မြို့အရေအတွက် ၂၆ မြို့တွင် ဓာတ်အားစနစ်ဖြင့် ၁၅ မြို့အား လည်းကောင်း၊ အခြားနည်းလမ်းဖြင့် ၁၁ မြို့အား လည်းကောင်း မီးလင်းပြီးဖြစ်ပါကြောင်း၊ စာရင်းရှိကျေးရွာပေါင်း ၃၇၃၈ ရွာတွင် ၂၂၂ ရွာအား ဓာတ်အားစနစ်ဖြင့် လည်းကောင်း၊ ၁၄၇၄ ရွာအား အခြား နည်းလမ်းဖြင့် လည်းကောင်း၊ စုစုပေါင်း ကျေးရွာ ၁၆၉၆ ရွာ မီးလင်းခဲ့ပြီးဖြစ်ကြောင်း၊ အိမ်ထောင်စုအရေအတွက် ၄၅၉၇၇၂ အိမ်ထောင်စုရှိရာ မီးလင်းပြီး အိမ်ထောင်စုအရေအတွက် ၇၇၄ဝ၈ စု မီးလင်းနေပြီဖြစ်ပါကြောင်း။

 

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ်များသို့ ဓာတ်အားစနစ်မှ ဓာတ်အားရရှိရေး စတင်ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ် မတ်လတွင် ရသေ့တောင်မြို့နယ်အား လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် ဇွန်လတွင် ဘူးသီးတောင်မြို့နယ်အား လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် မောင်တောမြို့နယ်အား လည်းကောင်း ဓာတ်အားရရှိရေး လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ၄င်းမြို့များ ဓာတ်အားရရှိပါက ရသေ့တောင်မြို့နယ်တွင် ကျေးရွာ ၁၈ ရွာ၊ ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ ၁၁ ရွာနှင့် မောင်တောမြို့နယ်တွင် ကျေးရွာ ၁၅ ရွာ၊ စုစုပေါင်းကျေးရွာ ၄၄ ရွာတို့အား ဓာတ်အားပေးနိုင်ရန်အတွက် စုစုပေါင်း ကုန်ကျငွေကျပ်သန်း ၅၇၅၅ ဒသမ ၂၉ ဖြင့် စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု လက်ရှိတွင် တစ်ရက်လျှင် ရသေ့တောင်မြို့အား ၅ နာရီ၊ ဘူးသီးတောင်မြို့အား ၉ နာရီခွဲနှင့် မောင်တောမြို့အား ၁၂ နာရီကြာ ဒီဇယ် ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးလျက်ရှိပါကြောင်း။

 

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်လည်းကောင်း၊ ဓာတ်အားစနစ်မှ မရရှိသေးမီအချိန်အတွင်း ဒီဇယ်ဓာတ် အားပေးစက်များဖြင့် လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်က ပြောကြားသည်။

 

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုရင့်နောင်ဓာတ်အားခွဲရုံတွင်KV, 125 MVA ထရန်စဖော်မာ ပြောင်းလဲတပ်ဆင်ခဲ့သဖြင့် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင် ခဲ့မှုအခြေအနေကို ရှင်းလင်းရာတွင် မူလတပ်ဆင်ထားသော 100MVA ထရန်စဖော်မာသည် Off Load Tap ဖြစ်သဖြင့် ဗို့အားကျဆင်းချိန်တွင် ဗို့အားမြှင့်တင်ရန် ဓာတ်အားပိတ်ပြီးမှ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုပြောင်းလဲ တပ်ဆင်ခဲ့သော ၂၃ဝ/၆၆ KV, 125 MVAထရန်စဖော်မာသည် On Load Tapဖြစ်သဖြင့် ဗို့အားကျဆင်းသည့်အခါ ဓာတ်အားပိတ်ရန် မလိုအပ်ဘဲ ဗို့အား မြှင့်ခြင်းကို ဆောင်ရွက်နိုင်ပါကြောင်း။

 

အဆိုပါဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးပေးထားသသော မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကို ဗို့အားတည်ငြိမ် ပြည့်ဝစွာဖြင့်သုံးစွဲနိုင်ပြီး အသစ်တည် ဆောက်လျက်ရှိသော အဆောက်အအုံများ၊ နေအိမ်များသို့ တိုးချဲ့ဖြန့်ဖြူးပေး နိုင်ပြီဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ၆၆ ကေဗွီ ရေဘုတလင်-ကနီ-မင်းကင်း ဓာတ်အားလိုင်း ၆၆ ဒသမ ၇၉ မိုင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ၂၃ဝ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း ၁၈ဝ မိုင်နှင့် ၂၃ဝ ကေဗွီဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ အခြေအနေ၊ မိုးဗြဲရေလှောင်ကန် လှေသွားလမ်း ရေထိန်းတံခါးကို ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေ၊ အပူစွမ်းအင်သုံး စက်ရုံများဌာန၊ ဓာတ်အားပေးစက်ရုံ စီမံကိန်းများအခြေအနေ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံနှစ်ရုံနှင့် ရေနံဓာတ် ငွေ့ရည်အရောင်းဆိုင် လေးဆိုင်တို့ကို ငှားရမ်း၍ လည်ပတ်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့မှုအခြေအနေ၊ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလအတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှုများအား စစ်ဆေးဆောင်ရွက်မှု အခြေအနေ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူသို့ ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ e-Government အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် ဒေါပုံမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော Advanced Metering Infrastructure (AMI) Project ဆောင်ရွက်မှုအခြေအနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ ဗို့အားပြည့်ဝ တည်ငြိမ်စွာအသုံးပြုနိုင်ရေးနှင့် ရှုပ်ထွေးဆားဗစ်ကြိုး ရှင်းလင်းခြင်းများ ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ မေးမြန်းချက်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။ 

 

မွှေးကြူဇင် (သတင်းစဉ်)