ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)က လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ မြန်မာနိုင်ငံအပေါ် ထုတ်ပြန်သည့် အစီရင်ခံစာ နှင့်ပတ်သက်၍ သတင်းထုတ်ပြန် 

နေပြည်တော် ၉  သြဂုတ်

လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ မြန်မာနိုင်ငံအပေါ် ထုတ်ပြန်သည့် အစီရင်ခံစာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)က သတင်းထုတ်ပြန်ချက်တစ်ရပ်ကို သြဂုတ် ၇ ရက်က ထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သည် ကုလသမဂ္ဂနိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM)၏ ၂၀၁၉ ခုနှစ် သြဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့သော “မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ (The economic interests of the Myanmar Military)” ဆိုသည့် လတ်တလော အစီရင် ခံစာ(A/HRC/42/CRP.3) ကို တိကျပြတ်သားစွာ ပယ်ချပါကြောင်း။

အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၊ ယင်း၏ လုပ်ငန်း အဖွဲ့များနှင့် စီမံကိန်းများက ရခိုင်ပြည်နယ်တွင် “အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်ရှိ ရာဇဝတ်မှု ကျူးလွန်မှုများ” ကို ကူညီထောက်ပံ့ပေးခဲ့ပြီး “စစ်ရာဇဝတ်မှုများ၊ လူသားတစ်မျိုးနွယ်လုံး အပေါ်သက်ရောက်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းမျိုးဖြုတ်သတ်ဖြတ်ခြင်း” တို့ ၏ အကျိုးဆက်များကို အင်အားတောင့်တင်းစေခဲ့သည်ဟု အကျိုးအကြောင်းမဲ့ စွပ်စွဲခဲ့ပါကြောင်း။

UEHRD ၏ ကနဦးအစမှာပင် ယင်း၏ ရည်ရွယ်ချက်များမှာ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့များကို ထိရောက်စွာပေးရန်၊ နေရပ်စွန့်ခွာသူများအတွက် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ပဋိပက္ခဖြစ်စဉ်များတွင် ပြေလည်စွာညှိနှိုင်း အဖြေရှာပေးခြင်းနှင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း။

လူသားချင်းစာနာထောက်ထားသော UEHRD ၏ ရည်ရွယ်ချက်များကို မည်သည့် အခါကမျှ သွေဖည်သွားခြင်းမရှိခဲ့သလို ကယ်ဆယ်ရေး၊ သိက္ခာရှိစွာပြန်လာရေး၊ ပဋိပက္ခ ဖြစ်စဉ်များကြောင့် ပတ်သက်ထိခိုက်ခံရသည့် လူမှုအသိုက်အဝန်းများနှင့် နေရပ်စွန့်ခွာခဲ့ရသူများအား ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို မြေပြင်အခြေအနေတွင် တိုးတက်မှု ရရှိအောင် အစဉ်တစ်စိုက် လုပ်ဆောင်ခဲ့ပါကြောင်း။


အချက်အလက်ရှာဖွေရေးမစ်ရှင်(FFM)သည် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲလှသော ကိစ္စများကို ဖြေရှင်းရန်ဖွဲ့စည်းခဲ့သည့် UEHRD ၏ ရုပ်ပုံလွှာကို ပုံဖျက်၍ ရေးဆွဲခဲ့ပါကြောင်း။

UEHRD အနေဖြင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများနှင့် အခြေချနေထိုင်သူများ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးနှင့် လုံခြုံစိတ်ချရပြီး ရှင်သန်တက်ကြွသော အနာဂတ်ဖြစ်ပေါ်လာစေရေးအတွက် အမြဲရှင်သန်တည်မြဲ၍ အလုံးစုံ ပါဝင်သော အဖြေရှာမှုများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

UEHRD သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်လျက်ရှိသည့် လူမျိုး၊ ဘာသာပေါင်းစုံ၏ ကြီးပွားတိုးတက်ရေး ဘုံရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိရန် နိုင်ငံတော်အစိုးရ၊ ကဏ္ဍပေါင်းစုံမှ အစုရှယ်ယာဝင်များ၊ နိုင်ငံ့အရေး စိတ်ဝင်စားသူပြည်သူများနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက် အထောက်အကူပြုသည့် စက်ယန္တရား၊ အစုအစပ်လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း။

UEHRD သည် လူ့အခွင့်အရေးများနှင့် လူ့ဂုဏ်သိက္ခာတို့ အခြေခံသည့် တရားမျှတ၍ သဟဇာတဖြစ်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ UEHRD သည် ကိုယ်ချင်းစာတရား၊ လူသားအားလုံး၏ လုပ်ပိုင်ခွင့်၊ ငြိမ်းချမ်း ခြင်းနှင့် သာယာဖွံ့ဖြိုးခြင်း တို့ကို လက်ခံယုံကြည်ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။

သတင်းစဉ်