ရခိုင်ပြည်နယ်ကိစ္စဆိုင်ရာ အပြုသဘောဆောင် တိုးတက်မှုများ

၂၆ ဇူလိုင်

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိ်ုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှယန်နာ ဘာဂီနာ (Christine Schraner Burgener) က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပထမဦးဆုံးအကြိမ် အစီရင်ခံတင်ပြခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ဤကဲ့သို့ အစီရင်ခံတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ မစ္စ ခရစ္စတင်း ရှယန်နာ ဘာဂီနာအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိ်ုယ်စားလှယ်အဖြစ် ၂၀၁၈ ခုနှစ်၊ ဧပြီလကုန်၌ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မစ္စ ခရစ္စတင်းရှယန်နာ ဘာဂီနာသည် မြန်မာနိုင်ငံသို့ ဇွန်လ၌တစ်ကြိမ်၊ ဇူလိုင်လ၌ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် လာရောက်ခဲ့ပါသည်။ မစ္စ ခရစ္စတင်း ရှယန်နာဘာဂီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်အထိ သွားရောက်ခဲ့ပါသည်။

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံတို့ကြား သဘောထားအမြင် ကွာဟချက်တို့ရှိနေဆဲဖြစ်သော်လည်း မစ္စ ခရစ္စတင်း ရှယန်နာ ဘာဂီနာ၏ မြန်မာနိုင်ငံဆိုင်ရာတင်ပြချက်၌ အပြုသဘောဆောင် တိုးတက်မှုတချို့ကို မြင်တွေ့ခဲ့ရပါသည်။

 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှယန်နာဘာဂီနာက ရခိုင်ပြည်နယ်အရေးကိစ္စ၏ သိမ်မွေ့နက်ရှိုင်းပုံကို အသိအမှတ်ပြုခဲ့ပြီး နေရပ်စွန့်ခွာသွားကြသူများ ရခိုင်ပြည်နယ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးကိစ္စက အချိန်ယူဆောင်ရွက်ရန်လိုအပ်သည်ကိုလည်း သဘောတူလက်ခံခဲ့ပါသည်။

 

မစ္စ ခရစ္စတင်း ရှယန်နာ ဘာဂီနာက နိုင်ငံတော်အစိုးရအနေဖြင့် နေရပ်စွန့်ခွာသွားသူများအား ရခိုင်ပြည်နယ်၌ပြန်လည်လက်ခံရန် ဆန္ဒရှိသည်ကိုလည်းထောက်ခံချက်ပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်ရှိ မတူကွဲပြားသော လူ့အသိုင်းအဝိုင်းတို့ကြား သဟဇာတဖြစ်မှုဖန်တီးနိုင်ရန်အတွက် အပြန်အလှန်ဆွေးနွေးဖလှယ်ရန်လိုအပ်သည်ကို မစ္စ ခရစ္စတင်း ရှယန်နာဘာဂီနာက အလေးအနက်ထားထောက်ပြခဲ့ပြီး ဤသို့အပြန်အလှန်အမြင်ချင်းဖလှယ်နိုင်ရန်အတွက် ဆွေးနွေးရေးတံခါးဖွင့်ထားရန်ကိုပါ တိုက်တွန်း ပြောဆိုခဲ့ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှယန်နာ ဘာဂီနာက “အလွန့်အလွန်အပြုသဘောဆောင်၍ နွေးထွေးခင်မင်မှုအပြည့်အဝ ရှိသော တွေ့ဆုံဆွေးနွေးမှုများဖြစ်သည်” ဟု မှတ်ချက်ပြုသကဲ့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ ရင်ဆိုင်ရလျက်ရှိသောစိန်ခေါ်မှုများနှင့်အခက်အခဲများအပေါ် အပြည့်အဝ နားလည်မှုရှိသည်ကိုလည်း အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။

 

ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကလည်း ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးဆိုင်ရာ ထုတ်ပြန် ကြေညာချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပြင်းထန်သည့် ဖိအားပေးကြေညာချက်ထုတ်ပြန်ခြင်းကို ရှောင်ရှား၍ နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုခြင်း နှင့်အတူ လိုအပ်ချက်များထောက်ပြခြင်းကို ကြိုဆိုခဲ့ပါသည်။ ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ်အရေးဆိုင်ရာ အပြုသဘောဆောင်တိုးတက်မှုတို့သည် နိုင်ငံတော်အစိုးရ၏ ဟန်ချက်ညီမျှတသော မူဝါဒနှင့် မှန်ကန်သည့် လုပ်ဆောင်ချက်တို့ကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါကြောင်းလေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း