ရခိုင်ပြည်နယ်ရှိ လိုအပ်သောနေရာများသို့ ကြက်ခြေနီက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်

ကျောက်တော်  ဇွန် ၂၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်ရှိ လိုအပ်သောနေရာများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိရာ ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာ၊ သရက်တပင်ကျေးရွာ၊ သိန်းတန်းကျေးရွာ၊ ပြင်လှ ကျေးရွာနှင့် စနစ်သစ်ကျေးရွာတို့မှ ဒေသခံပြည်သူများအတွက် အသင်းမှထောက်ပံ့သော အစားအစာမဟုတ်သောပစ္စည်းများနှင့် သောက်ရေသန့်ကဒ်များ၊ ခေါက်ဆွဲခြောက်နှင့် ကြက်အူချောင်းများကို ရခိုင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး နှင့်  ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲရေးယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်ပြီး ကြက်ခြေနီဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီစေတနာ လုပ်အားရှင်များက ဇွန် ၂၇ ရက်  နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးဝေရာတွင် အဆိုပါကျေးရွာများမှ အိမ်ထောင်စုပေါင်း(၁၅၀) အတွက် မိသားစုသုံးပစ္စည်း (၉၁)ပုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအိတ်(၁၅၀)၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁၃၃)အိတ်၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း(၁၃၇)အိတ်၊ ဆပ်ပြာတောင့်(၁၅၀)၊ ကလေး (၁နှစ်ခွဲမှ၂နှစ်ခွဲ) အဝတ်အထည်(၆၁)ထုပ်၊ လက်သမားသုံး အိမ်ဆောက်ပစ္စည်းအိတ်(၄၆)အိတ်၊ မီးဖို ချောင်သုံး ပစ္စည်း(၅၉)ပုံး၊ တာပေါ်လင်(၁၁၈)စ၊ ခြင်ထောင်(၅၉)လုံး၊ စောင်(၅၉)ထည်၊ (၂၀)လီတာဆန့် သောက်ရေထည့်ပုံး(၁၅၀)၊ (၁)လီတာ(၆)ဘူးပါ သောက်ရေသန့်ကဒ် (၁၅၀)၊ ခေါက်ဆွဲခြောက်ထုတ်(၁၅၀၀)၊ ကြက်အူချောင်းထုတ်(၁၅၀) တို့ကိုထောက်ပံ့ကူ ညီပေးခဲ့ပြီး ဒေသခံပြည်သူများကို ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် သန့်လေး သန့် ကျန်းမာရေးအသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့သည်။ 

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် နေရာများသို့ စားနပ်ရိက္ခာများ၊ ရေနှင့်တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ၊ အဝတ်အထည်များနှင့် ငွေသားများ ထောက်ပံ့ကူညီနိုင်ရန် ဆက်လက်ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း-ဝင်းအောင်(ကြက်ခြေနီ)
ဓာတ်ပုံ - ထွန်းအောင်ကျော်(ကြက်ခြေနီ)