ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော မိသားစုများအား စနစ်ကျပြီး လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်တွေ ၂၁ မတ် 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်တွင် လက်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော မိသားစုများအား စနစ်ကျပြီး လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ညှိနှိုးင်းအစည်းအဝေးကို ကျင်းပသည်။


ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိအောင် တရားဥပဒေစိုးမိုးရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှုသည် အရေးကြီးကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများသည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နေကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကိုရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများအရေးကို အလေးထားကြောင်း၊ ပြည်သူများ၏ ဒုက္ခကို မိမိတို့၏ ဒုက္ခဟု သဘောထားဆောင်ရွက်နေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ဘေးဒုက္ခခံစားနေရသော ပြည်သူများကို ကူညီထောက်ပံ့ရန်နှင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်သော အခြေအနေခံစားရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင်း နေရပ်စွန့်ခွာရသော ဒေသခံများကို စတင်ဖြစ်ပွားစဉ်ကပင် ချက်ချင်းထောက်ပံ့မှု ပြုခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်လျက်ရှိရာ အဆိုပါ တိုက်ပွဲရှောင်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းနှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေများ ထောက်ပံ့ခြင်းဖြင့်လည်းကောင်း၊ WFP/RCM တို့အား အစားအသောက်နှင့် သန့်ရှင်းရေးပစ္စည်းများကို ထောက်ပံ့စေခြင်းဖြင့်လည်းကောင်း လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် တိုက်ပွဲရှောင်များ စတင်ရောက်ရှိခဲ့သည့် (၈-၁၂-၂၀၁၈)ရက်မှ (၁၈-၃-၂၀၁၉)ရက်အထိ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များရှိ ယာယီခိုလှုံရာစခန်း (၄၇)ခုတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၂၄၈၄)စု၊ လူဦးရေ (၁၀၆၉၄)ဦးအတွက် ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း (ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ တဘက်၊ ပလတ်စတစ်ဖျာ၊ စောင်) နှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးများ ပံ့ပိုးလျက်ရှိရာ ငွေစုစုပေါင်း (၁၇၉၆၄၀၅၇ဝ) ထောက်ပံ့ပြီးစီးခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ တိုက်ပွဲရှောင်ရောက်ရှိမှု အခြေအနေအား သတင်းစုံစမ်း၍ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ တိုက်ပွဲရှောင်စခန်းများတွင် (၂၀-၃-၂၀၁၉)ရက် စာရင်းများအရ ယာယီနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၆၅၅)စု၊ လူဦးရေ (၁၁၃၆၃)ဦးအား ဆန်ရိက္ခာဖိုးဖြစ်စေ၊ ဆန်ဖြစ်စေ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးသွားရန် ဆွေးနွေးလိုသောကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲရှောင် ပြည်သူများ မှန်ကန်ပြည့်ဝစွာ ထောက်ပံ့ကူညီမှုများ ရရှိစေရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပြင် ဆက်နွယ်ပတ်သက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ဖြင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကြက်ခြေနီ လှုပ်ရှားမှုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါက ပူပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
    

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပဋိပက္ခဖြစ်စဉ်များသည် ဒေသခံများအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အဟန့်အတားဖြစ်စေပြီး အစိုးရ၏ပုံရိပ်ကို ကျဆင်းစေကြောင်း၊ တိုက်ပွဲများ ဖော်ဆောင်မှုများကြောင့် တိုက်ပွဲရှောင် ဒေသခံများ ဒုက္ခများစွာ ကြုံတွေ့ရကြောင်း၊ ဒေသခံများ ခိုလှုံနေရသော တိုက်ပွဲရှောင်စခန်များသို့ စနစ်တကျ ထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ထားရှိကြောင်းနှင့် ပိုမိုထိရောက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး လိုအပ်သော အချိန်ကာလတစ်ခုအထိ စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်၊ တိုက်ပွဲရှောင်စခန်းများတွင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အစိုးရက ထောက်ပံ့နေမှုများကို ဆက်လက်ထောက်ပံ့နိုင်ရေး၊ လိုအပ်သော ဆေးဝါးများ လုံလောက်စွာရရှိစေရေး၊ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး၊ သန့်ရှင်းသော သုံးရေသောက်ရေရရှိရေး၊ အိမ်ထောင်စုသုံးပစ္စည်းများ ဖြစ်သောစောင်၊ ခြင်ထောင်၊ အနွေးထည် လုံလောက်စွာ ရရှိစေရေး စသည်တို့ကို တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေးခဲ့ကြသည်။ 
    

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အိမ်ထောင်စု (၂၆၅၅)၊ လူဦးရေ (၁၁၃၆၃) ဦးအတွက် ငွေကျပ်သန်းပေါင်း (၁၀၂ ဒသမ ၂၆၇) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လက်ခံသည်။


အစည်းအဝေးသို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိသော WFP, ICRC, IFRC နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တာဝန်ရှိသူများနှင့် တိုက်ပွဲရှောင် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့မှုများ စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့သည်။ 


(သတင်းစဉ်)