ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရေသိုလှောင်ထားရှိမှုနှင့် ရေဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေး

 

စစ်တွေ    နိုဝင်ဘာ ၂၆

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်း ရေးဆောင်ရွက်နေမှုနှင့် စစ်တေွမြို့သို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသော ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှု၊ ရေဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်အဝင်လမ်း၊ လမ်းဆုံမှ လေဆိပ်အဝင်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ စစ်တွေမြို့၊ တိုင်းရင်း ဆေးရုံ၌ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များနှင့်  ဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက် ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေး လျက်ရှိသော ကန်တော်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက  ရေသိုလှောင်ထားရှိမှု၊ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံး ရေဖြန့်ဝေပေးနေမှု အခြေအနေ၊ ကန်တော်ငယ်မှ ရေဖြည့်တင်း ဖြန့်ဝေပေးနေမှုနှင့် နွေရာသီတွင် ရေဖြန့် ဝေပေးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေတို့ ကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နွေရာသီရေ အခက်အခဲမရှိစေ ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)