ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၌ကျင်းပသော ကမ္ဘာ့ဆရာများနေ့အခမ်းအနား တက်ရောက်

 

စစ်တွေ အောက်တိုဘာ ၅

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ကြသည်။

 

ရှေးဦးစွာ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။ ဆက်လက်၍ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ (၅) ဖွဲ့၏ ခေါင်းဆောင်များမှ ပေးပို့သည့် သဝင်လွှာအား ဖတ်ကြားသည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများမှ အသက်အကြီးဆုံး ဆရာကြီးတစ်ဦးနှင့် ဆရာမကြီးတစ်ဦးတို့အား ဂါရဝပြုလက်ဆောင်များ ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍  ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအား ဆရာ၊ ဆရာမများက ပူဇော်ကန်တော့ကြပြီး ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်