ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှု လှည့်လည်ကြည့်ရှုအားပေး

စစ်တွေ မေ ၂၃

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကျောင်းသားမိဘများက ကျောင်းလာရောက်အပ်နှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုနှင့် ကျောင်းအပ်နှံပြီးသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်များ အခမဲ့ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားချိန်တွင် ကျောင်းစာများကို ကြိုးစားသင်ယူကြရန် အားပေးစကားပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၅) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အပ်နံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ KG တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းခွဲ(ရေတပ်) ကျောင်းသို့သွားရောက်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၃) ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားရာ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လာရောက်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သတင်းရရှိသည်။

 

တင်ထွန်း(ပြန်/ဆက်)