ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့နှင့် ငပလီကမ်းခြေတို့၌ ကျင်းပ

စစ်တွေ မတ် ၁

 

ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ငပလီကမ်းခြေတို့၌ မတ် ၁၆ ရက် (တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းမှ စတင်ပြီး ကျင်းပခဲ့ကြောင်း သိရသည်။

 

သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့၌ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စစ်တွေမြို့ပေါ်မှ ယဉ်ကျေးမှုအဖွဲ့များ၊ စစ်တွေမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကာ သံတွဲမြို့နယ် ငပလီကမ်းခြေ၌လည်း ကျင်းပခဲ့ကြကြောင်း သိရသည်။

 

ရခိုင်လူမျိုးတို့သည် တပေါင်းလပြည့်နေ့၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ သဲပုံစေတီတည်ကာ ပူဇော်လေ့ရှိသည့် ရခိုင်တို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ သဲပုံစေတီတည်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်၏ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်သော ဂုဏ်တော်ကို ပူဇော်ရာရောက်ခြင်း၊ သဲပုံစေတီ တည်ခြင်းအားဖြင့် စပါးဆန်ရေများပွားများခြင်း၊ ဘေးအန္တရာယ်ကင်းဝေးခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းနှင့် တိုင်း၊ ပြည်၊ မြို့ရွာအေးချမ်းသာယာခြင်း စသည့် အကျိုးကျေးဇူးများရရှိခြင်းတို့ကြောင့် ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

 

သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် ဒီရေကျချိန်၌ လူကြီး၊ လူငယ်၊ လူလတ်များစုပေါင်း၍ လည်းကောင်း၊ အဖွဲ့လိုက်၊ အစုလိုက်၊ မိသားစုအလိုက်လည်းကောင်း သဲသောင်ပြင်တွင် ကျင်းပခြင်းဖြစ်ပြီး ရခိုင်သမိုင်းဝင် ဘုရားစေတီများနှင့် ပုထိုးတော်များ၏ ပုံတူများကို သဲများဖြင့်တည်ဆောက်ကာ တံခွန်၊ ကုက္ကား၊ ပန်းမာန်၊ ဆီမီးအမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သျှစ်သောင်းမြှောက်ပွဲ (သဲပုံစေတီ) ပွဲတော်ကို စစ်တွေမြို့၌ ၂၀၀၅ ခုနှစ်မှစတင်ကာ ပူဇော်ကျင်းပလာသည်ကို တွေ့ရပြီး သံတွဲမြို့နယ် ငပလီကမ်းခြေ၌လည်း စဉ်လာမပျက် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)