ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ၎င်းတို့နေထိုင်ရာ

ကျွန်းသားငမန်း

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားများဖြင့် စုစည်းဖွဲ့စည်းထားခြင်း ဖြစ်သည်။ လူမျိုးနွယ်စုပေါင်း ရှစ်မျိုးရှိပြီး ယင်းတို့မှဆင့်ပွားကာ တိုင်းရင်းသား မျိုးနွယ်ပေါင်း ၁၃၅ မျိုးရှိသည်။ ယင်းတို့အနက် ဗမာ ကိုးမျိုး၊ ကချင် ၁၂ မျိုး၊ ကယား ကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ မွန် တစ်မျိုး၊ ရခိုင် ခုနစ်မျိုးနှင့် ရှမ်း ၃၃ မျိုးတို့ဖြစ်ကြောင်းဖြင့်လည်း သိရသည်။

 

ရခိုင် ခုနစ်မျိုးတွင် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ ခမီ၊ မရမာကြီးနှင့် ကမန်လူမျိုးများပါဝင်ကြသည်။ ဤလူမျိုး ခုနစ်မျိုးအနက် ကမန်များမှာ မွတ်စလင်ဘာသာကို ကိုးကွယ်ကြပြီး ကျန်တိုင်းရင်းသားများမှာ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသည်။ နတ်ကိုးကွယ်မှု အနည်းအကျဉ်းရှိပြီး ယခုနောက်ပိုင်း ခရစ်ယာန်ဘာသာ ကူးပြောင်း ကိုးကွယ်မှုများ ရှိလာသည်ကိုလည်း တွေ့ရသည်။

 

လူနေမှု အကျင့်စရိုက်များမှာလည်း မျိုးနွယ်စုဝင်များဖြစ်သော မြို၊ ခမီ၊ သက်နှင့် ဒိုင်းနက်လူမျိုးတို့မှာ အများအားဖြင့် တူညီကြသည်ကို တွေ့ရသည်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များအနက် ရခိုင်မှအပ ကျန်တိုင်းရင်းသား အချို့မှာ သောင်းဂဏန်းကျော်ရုံသာရှိနေပြီး အချို့မှာ လူဦးရေထောင်ဂဏန်းမျှသာ ကျန်ရှိတော့ကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များတွင် သီးခြားဘာသာစကားများ ရှိကြသည်။ အထူးသဖြင့် မျိုးနွယ်စုငယ်တို့မှာ သွားရေးလာရေးခက်ခဲသော တော၊ တောင်၊ မြစ်ချောင်းဖျားများတွင် နေထိုင်လျက် ရှိနေကြသည်။

 

တောင်ယာစိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းကို အများဆုံး လုပ်ကိုင်ကြသည်။ အလိုလောဘနည်းပါးပြီး ရောင့်ရဲတင်းတိမ် လွယ်သူများဖြစ်ကြသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်းနှင့် ပညာရေးညံ့ဖျင်းခြင်းများကို တွေ့ရသည်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များအနက် မြိုနှင့် ခမီလူမျိုးများမှာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

 

ခမီလူမျိုးများသည် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် အများဆုံးဖြစ်ကာ ဘူးသီးတောင်မြို့နယ်တွင် ဒုတိယအများဆုံးဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်တစ်ပြည်နယ်လုံးတွင် ခမီလူဦးရေ ၃ဝ၈၆၅ ဦးသာ ရှိကြောင်း သိရသည်။

 

ထို့အတူ မြိုတိုင်းရင်းသားများမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် အများအပြားနေထိုင်ကြသည်။ ကျောက်တော်မြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး မြောက်ဦး၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် လေးထောင်ခန့်စီ နေထိုင်ကြကြောင်း တွေ့ရသည်။ ရခိုင်တစ်ပြည်နယ် လုံးတွင် မြိုလူဦးရေ ၄ဝ၁၆၇ ဦးရှိသည်။

 

ဒိုင်းနက်လူမျိုးများမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့ နယ်များတွင် နေထိုင်ကြသည်။ ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ခုနစ်ထောင်ကျော် နေထိုင်လျက်ရှိကြသည်။ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်များတွင် နှစ်ထောင်ခန့်သာရှိနေပြီး ကျန်မြို့နယ်များတွင် တစ်ထောင်ပတ်ဝန်းကျင်သာ နေထိုင်ကြသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဒိုင်းနက်လူမျိုးစုစုပေါင်း ၁၉၆၉၄ ဦးသာ ကျန်ရှိတော့ကြောင်းလည်း တွေ့ရသည်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအနက် အနည်းဆုံးသော လူမျိုးစုမှာ သက်တိုင်းရင်းသားများ ဖြစ်ကြသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် သက်တိုင်းရင်းသား ၂၆၆၅ ဦးသာကျန်ရှိတော့ပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စစ်တွေ၊ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များတွင် နေထိုင်ကြသော်လည်း တစ်မြို့နယ်လျှင် လူဦးရေ ၃ဝဝ ကျော်ခြင်းမရှိတော့။

 

မရမာကြီးများကား ရခိုင်ပြည်နယ်တွင် လူဦးရေ ၉၁၄၆ ဦးသာ ရှိတော့သည်။ စစ်တွေ၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း နေထိုင်လျက်ရှိကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။

 

ကမန်လူမျိုးများကား စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲနှင့် ကျောက်ဖြူမြို့များတွင် နေထိုင်ကြသည်ကို တွေ့ရသည်။ ရမ်းဗြဲစကားကို ပြောကြသည်။ ကမန်လူမျိုးများသည် ရခိုင်တိုင်းရင်းသားများကဲ့သို့ သင်္ကြန်ရေကစားပွဲ၊ ရထားဆွဲပွဲနှင့် နပန်းကျင် ကိုင်ပွဲများကို ဆင်နွှဲလေ့ရှိကြသည်။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြသည်။ ကမန်လူမျိုးများမှာ ရခိုင်ပြည်နယ်တွင် လူဦးရေ ၅၆၂၁၇ ဦးရှိပြီး သံတွဲခရိုင်တွင်အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

 

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်မဟုတ်သော်လည်း ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသား မျိုးနွယ်စုဝင်များ ပျံ့နှံ့နေထိုင်မှုမှာလည်း များပြားစွာရှိနေသည်ကို တွေ့ရသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်ပြည်နယ် လူဦးရေ၏ ဒသမ ဝ၁ ရာခိုင်နှုန်းကျော်လွန်သဖြင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦးကို ရွေးချယ်ပိုင်ခွင့်ရရှိခဲ့သည်။ ချင်းလူမျိုးများသည် ရခိုင်ပြည်နယ်တွင် ၁၁ဝဝ၅၇ ဦးနေထိုင်လျက်ရှိကြသည်။ မင်းပြား၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များတွင် နေထိုင်လျက်ရှိကြသည်ကို တွေ့ရသည်။

 

လူမျိုးတိုင်းတွင် သမိုင်းဆိုင်ရာ အချက်အလက်များ ရှိကြသည်။ ဆင်းသက်လာရာမျိုးနွယ်စု၊ ကိုးကွယ်သည့်ဘာသာ၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာများ ရှိနေကြသည်။ တိုင်းရင်းသားများသည် မိမိတို့ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားကို ထိန်းသိမ်းခြင်းဖြင့် မျိုးနွယ်ကို စောင့်ရှောက်လေ့ ရှိကြသည်။ ဇာတိပုည၊ ဂုဏ်မာနဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို မွေးမြူရင်း စောင့်လေမျိုးနွယ်ဟူသော မျိုးစောင့်တရားကို လက်ကိုင်ထားကာ လူမျိုးမပျောက်သွားဖို့ ကြိုးစားဆောင်ရွက်နေကြသည်။ သွားရေးလာရေးခက်ခဲ၊ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော နေရပ်ဒေသများတွင် နေထိုင်ရသော တိုင်းရင်းသား မျိုးနွယ်ဝင်များမှာ စီးပွားရေး အခက်အခဲများကို ကျော်လွှားရန် လုံးပန်းကြိုးစား ဆောင်ရွက်နေကြသည်များကို တွေ့ရသည်။

 

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ၏ မလှမပသေးသောဘဝအား တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ရန် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ကိုယ်တိုင်သာမက နိုင်ငံသားအားလုံးတွင် တာဝန်ရှိပေလိမ့်မည်။

 

(ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ ပျံ့နှံ့နေထိုင်မှု အချက်အလက်များအား ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှ ရယူပါသည်)