ရက်ရှ်ဖို့ဒ်အား ရီးယဲလ်နှင့်ဘာစီလိုနာက ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်းမန်ယူတွင် ဆက်ရှိရန် တစ်ပတ်ပေါင်သုံးသိန်းခွဲဖြင့် ကမ်းလှမ်း

၁၈  ဇွန်

 

မန်ယူအသင်းတိုက်စစ်မှူး မားကတ်ရက်ရှ်ဖို့ဒ်အား ခေါ်ယူရန်အတွက် စပိန်လာလီဂါထိပ်တန်း အသင်းနှစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားလျက်ရှိပြီး လက်ရှိတွင် မန်ယူအသင်းကလည်း ရက်ရှ်ဖို့ဒ်အား အသင်းတွင်ဆက်ရှိရေး တစ်ပတ်လုပ်ခလစာပေါင်သုံးသိန်းခွဲအထိပေး၍ ကမ်းလှမ်းသွား မည်ဖြစ်ကြောင်းသိရသည်။

 

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၏ လက်ရှိစာချုပ်သက်တမ်းသည် ၁၂ လအတွင်း ရောက်ရှိနေပြီဖြစ်သော်လည်း မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလျက်ရှိကြောင်းလည်း သိရသည်။ အသက် ၂၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် နည်းပြဆိုးရှားလက်ထက်တွင် နံပါတ်တစ် ဦးစားပေးတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းကြောင့် မန်ယူအသင်းတွင် ဆက်လက်ကစားရန် စီစဉ်ထားသူလည်းဖြစ်သည်။

 

လက်ရှိတွင်မူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အား ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပြီး မန်ယူအသင်းတွင် ဆက်နေမည်ဆိုပါက လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုမည် ဖြစ်ကြောင်းလည်း သိရသည်။

 

မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နှင့် ဂိုးသမား ဒီဂီယာတို့ မန်ယူအသင်းမှ မထွက်ခွာပါက ကွင်းလယ်ကစားသမား ပေါ့ဘာသည်လည်း မန်ယူအသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ငွေကြယ်