ရက်သတ္တပတ် နှစ်ပတ်အတွင်း မြောက်ကိုရီးယား ဒုံးကျည် လေးကြိမ် ပစ်လွှတ်

၆ သြဂုတ်

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ပဲ့ထိန်းတပ် ဒုံးလက်နက် နှစ်စင်းကို ယနေ့မနက်စောပိုင်းတွင် ပစ်လွှတ်ခဲ့ရာ ယင်းသို့ဒုံးကျည်ပစ်လွှတ်ခြင်းမှာ ရက်သတ္တပတ်နှစ်ပတ်အတွင်း လေးကြိမ်မြောက် ရှိပြီဖြစ်သည်။

ဇူလိုင် ၂၅ ရက် နှင့် ၃၁ ရက်နေ့တို့က ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ဝွန်ဆန်မြို့ အနီးအနား ဒေသမှ တာတိုပစ် ပဲ့ထိန်းတပ် ဒုံးလက်နက် နှစ်စင်းစီ မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့ကြသည်ဟု  အမေရိကန် ကာကွယ်ရေး ဦးစီးဌာန နှင့် တောင်ကိုရီးယားစစ်တပ် ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ နိုင်ငံအရှေ့ပိုင်း ဟမ်ဂေါင်ပြည်နယ် တောင်ပိုင်း ယွန်ဂေါင် အနီးနားဒေသမှ ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။

ယနေ့ မနက်ပိုင်း ဒုံးကျည် ပစ်လွှတ်သည့် နေရာမှာ အနောက်တောင်ပိုင်း ဒေသ ဟွမ်ဟီ ပြည်နယ် တောင်ဘက် ဖြစ်သည်ဟု ထင်မြင်ယူဆရသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို