ရမ်ဒက်ဆဗီယာဆေးက ကိုဗစ်-၁၉ ရောဂါ မြန်မြန်ပျောက်ကင်းစေနိုင်

ဝါရှင်တန်  ၁၀  အောက်တိုဘာ

ဗိုင်းရပ်စ်ပိုးများကို ချေဖျက်သုတ်သင် နိုင်စွမ်းရှိသည့် ရမ်ဒက်ဆဗီယာဆေး က ကိုဗစ်-၁၉ ကူးစက်ခံရသည့်လူနာ များကို ရောဂါမြန်မြန်ပျောက်ကင်းစေနိုင်ပြီး ရောဂါလက္ခဏာပြင်းထန်သည့် အခြေအနေမရောက်အောင် ကြိုတင် ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု ကျန်းမာရေးအင်စတီကျူမှ သုတေသနပညာရှင်များ ဦးဆောင်သည့် လေ့လာမှုအဖွဲ့သည် ၎င်းတို့လုပ်ဆောင်နေသည့် လက်တွေ့စမ်းသပ်မှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာ တစ်စောင်ကို နယူးအင်္ဂလန်ဂျာနယ်၌ အောက်တိုဘာ ၈ ရက်က ပုံနှိပ်ဖော်ပြခဲ့သည်။

သုတေသနပညာရှင်များသည် အမေရိကန်နှင့် ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁၀ ၌ ကိုဗစ် - ၁၉ ကူးစက်ခံရပြီး ဆေးရုံတက်နေရသည့် အရွယ်ရောက်ပြီးသူ အယောက် ၁၀၀၀ ခန့်ကို စမ်းသပ်ခဲ့သည်။ အဆိုပါ လူနာများကို ရမ်ဒက်ဆဗီယာ သို့မဟုတ် အာနိသင်မရှိသည့် ဆေးလုံးအတုကို ၁၀ ရက်နှင့်အထက်ပေးခဲ့ရာ ရမ်ဒက်ဆဗီယာ ဆေးပေးသည့်လူနာများတွင် ၁၀ရက်အကြာ၌ ရောဂါပျောက်ကင်း ပြီး အာနိသင်မဲ့ဆေးလုံး ပေးသူများ မှာ ၁၅ ရက်အကြာတွင် ရောဂါပျောက်ကင်းကြောင်း သိရသည်။

ထို့ပြင် ရမ်ဒက်ဆဗီယာ ဆေးပေးသည့် လူနာအုပ်စုမှာ အာနိသင် မရှိသည့်ဆေးပေးထားသည့် လူနာအုပ်စုနှင့် ယှဉ်လျှင် ၁၅ ရက်မြောက်နေ့တွင် ကျန်းမာရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်မှုကို ပြသလျက်ရှိကြောင်း လေ့လာသူများက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မကြာသေးမီက ကိုဗစ်၁၉ ကူးစက်ခံရပြီးနောက် ရမ်ဒက် ဆဗီယာ ဆေးဖြင့် ကုသမှုခံယူခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ