ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်

ရမည်းသင်း  မတ် ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်သာမက  ကမ္ဘာ့နိုင်ငံအသီးသီး၌ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့ နေကြရသည့်အတွက် ယခုကဲ့သို့ ဘေးအန္တရာယ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ  မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတ/လူမှုရေး အသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက် မြှင့်မားလာစေရန်၊ ခေတ်မီစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို စာတွေ့/လက်တွေ့ သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

 

ယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် အဓိကအချက် (၄)ချက်ဖြစ်သည့် လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှုနှင့် ပြီးပြည့်စုံသောလုံခြုံမှုတို့ဖြင့် သတိပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထပ်ဆင့်သင်ကြား လေ့ကျင့်သင်ကြားပေးရသည့်အတွက် ပြည်သူလူထုကို ယခင်ထက် ပိုမို၍ အလုပ်အကျွေး ပြုစုနိုင်သူများ ဖြစ်လာကြမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်များကို အလျင်အမြန် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် ရှာဖွေကယ်ဆယ်ရေးနည်းပညာကို ပြန့်ပွားသင်ကြားပေးစေလိုကြောင်း၊ သင်တန်းကာလ ၂ ပတ်အတွင်း စာတွေ့လက်တွေ့ လုပ်ဆောင်မှုများဖြင့် ထိထိရောက်ရောက် သင်ကြားသွားရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီစက်ပစ္စည်း ကိရိယာများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃)အား ရမည်းသင်းခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား (၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၀)ဦးနှင့် စိတ်ပါဝင်စားသည့်ပြည်သူ (၅)ဦး စုစုပေါင်း သင်တန်းသား (၅၀)ဖြင့် မတ် ၂၂ ရက်မှ ဧပြီ (၃)ရက်ထိ ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)