နေပြည်တော် ဇူလိုင် ၁၄
ရမည်းသင်းမြို့နှင့် ပျော်ဘွယ်မြို့တို့၌ ငွေကျပ် ၃ ဒသမ ၇၁၃၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်းကျော်နှင့် ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် ည ၉ နာရီတွင် ရမည်းသင်းမြို့ သီလဝ (၃) ရပ်ကွက်ရှိ ချစ်မိုးဆန်း (၃၆) နှစ်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၅၁ ဘီလီယံ) နှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင်အသုံးပြုသည့် SHAYAN အမျိုးအစားဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဇူလိုင် ၇ ရက်တွင် သိမ်းဆည်းရမိစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ် ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ရမည်းသင်းမြို့ သီလဝ (၃) ရပ်ကွက်နေ မောင်သိန်း (ခ) ချစ်တီး (၄၅) နှစ်အား ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်၌လည်းကောင်း၊ ဇင်မျိုးအောင် (ခ) ဖိုးလ (၂၇) နှစ်အား ရမည်းသင်းမြို့နယ် သဲချောင်းကျေးရွာရှိနေအိမ်၌ စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် NISSAN TERRANO အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဇူလိုင် ၇ ရက် ည ၇ နာရီခွဲတွင် ပျော်ဘွယ်မြို့ ပြည်သာယာရပ်ကွက ရှိ ဟိုတယ်အနီးတွင် ရမည်းသင်းမြို့နယ် သဲချောင်းရွာနေ ဇင်ထက်အောင် (၃၅) နှစ်နှင့် စိုင်းထက်သွေး (၂၁) နှစ်တို့ နှစ်ဦးအား ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၂၀၃၅ သိန်း) နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ချစ်မိုးဆန်း၊ မောင်သိန်း (ခ) ချစ်တီးနှင့် ဇင်မျိုးအောင် (ခ) ဖိုးလတို့အားလည်းကောင်း၊ ဇင်ထက်အောင်နှင့် စိုင်းထက်သွေးတို့အားလည်းကောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်


