ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်၏  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ရှမ်း(အရှေ့)၊ ရှမ်း(မြောက်)၊ ရှမ်း (တောင်)နယ်မြေ ဒေသသုံးခုမှ ပြိုင်ပွဲဝင် ၃၆၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များ နှင့်အတူ ယခု(၂၃)ကြိမ်မြောက် ပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် မောင်မယ်များအနေဖြင့် မိမိတို့၏ အနုပညာအရည်အသွေးများကို အစွမ်းကုန်ထုတ်သုံးပြီး ပြည်နယ်၏ဂုဏ်ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးပညာရေး ဒီဂရီကောလိပ် ‌ကျောင်းသား/ ကျောင်းသူလေးများက ပအိုဝ်းတိုင်းရင်းသား အကဖြင့် လည်းကောင်း၊ တာချီလိတ်ခရိုင်မှ မစုသက်ထွေးက ရုပ်သေးကြိုးဆွဲ ဇော်ဂျီအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်နိုင်ရေးကော်မတီအတွင်းရေးမှူး တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်နေမျိုးထံ ထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀ ကို ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ အသက်(၁၀)နှစ်မှအသက် (၁၅)နှစ် အမျိုးသမီးအက ဝါသနာရှင်အဆင့် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်