နေပြည်တော် ဇွန် ၂
မြန်မာနိုင်ငံ အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အနီး ဝမ်လုံးကျေးရွာရှိ စဝ်နွဲ့ (ခ) စဝ်နွဲ့လင်း ပိုင်ဆိုင်သည့် အိမ်အမှတ် (ဝလ-၀၀၁) နေအိမ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၁ ဦးတို့အား Destop ၅၈ လုံး၊ System ပုံး အလုံး ၆၀၊ ဖုန်းမျိုးစုံ အလုံး ၆၀၊ စားပွဲ အလုံး၂၀၊ ထိုင်ခုံ ၅၄ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများ အား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိ သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


