ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြားများနှင့် Happy Water များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ မေ ၁ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြားများနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် နမ့်စန်မှတာချီလိတ်သို့ စောရွှေ မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်၌ ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၁,၃၅၈ တုံး၊ အလေးချိန် ၄၇၅ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။ 

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲတွင် ဘိန်းဖြူ ဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ အောင်စိုးအား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကွင်းဆက်ဖော်ထုတ်ချက်အရ  တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာရှိ စိုင်းနွံ (ခ) ထွန်းလင်းဦး၏နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၂၃၅ ပြားနှင့် (Happy Water) ၃၁၅ ဂရမ် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြား ၂၃၅ ပြား၊ (Happy Water) ၃၁၅ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်