ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၈

 

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ကြီး တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မိတ်ဖက်လူမှုရေး အဖွဲ့အစည်းများ အဆင့်မြင့်ပညာ၊ အခြေခံပညာနှင့် ဆရာအတတ် ပညာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက စာမတတ်သူများကို (ဝ ထ က လ သ)မှ အစပြု၍ စာတတ်မြောက်အောင် သင်ကြားပေးသွားရန်နှင့် ၎င်းမှတစ်ဆင့် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်မှ စဉ်ဆက်ပညာရေးလုပ်ငန်း သင်ကြား ပေးသွားနိုင်ရန် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှစတင်၍ ရပ်ရွာနေ ပြည်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းသင်ကြားခြင်းကို တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါမြို့နယ်(၃)ခုတွင် ဒီဇင်ဘာလမှစ၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စဉ်ဆက်ပညာ ရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းမြို့နယ်(၃)ခုတွင် စဉ်ဆက်ပညာရေး လုပ်ငန်းများ အစီအစဉ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

အသက်အုပ်စုအားဖြင့် အသက် ၁၅ နှစ်နှင့် အထက် လူငယ်များ၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးပိုင်းအရွယ် ရှိသူများကို ဦးတည်သင်ကြားပေးခဲ့သည့် စာတတ်မြောက်ရေးလုပ်ငန်းသည် သတ်မှတ်သင်ကြားရေးကာလ ပြီးဆုံးသွား ပြီဖြစ်၍ အဆိုပါမြို့နယ်(၃)ခုတွင် စဉ်ဆက်ပညာရေး အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်း  စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၃)ခုတွင် စဉ်ဆက်ပညာရေး ဆောင်ရွက်မည့် ကာလနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်း မြို့နယ်(၄)ခုတို့တွင်လည်း  အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီးနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရှမ်းပြည်နယ်၏ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ စဉ်ဆက်ပညာရေး လုပ်ငန်း၊ စာတတ်မြောက်ရေးလုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန် ရှိသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက တောင်ကြီးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒုတိယ ပညာသင်ကာလ စာမေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမပညာသင်ကာလ စာမေးပွဲ ကျင်းပ၍ တက္ကသိုလ် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် အခြေခံ စာတတ်မြောက်ရေး ဆောင်ရွက်ပြီးခဲ့သော ကလောမြို့နယ် အင်းပြင်အခြေခံပညာ အလယ်တန်းကျောင်းရှိ  မြင်းကရွာ စာသင်ဝိုင်း၌ ဆရာဆရာမများက စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရေးအတွက် ဆောင်ရွက်ပေးနေမှုကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)