နေပြည်တော် ဇွန် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမှုလွယ်နယ်မြေ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသားအမျိုးသား ခုနစ်ဦးအား ဖုန်းမျိုးစုံ အလုံး ၅၀ ၊ All In One ကွန်ပျူတာ နှစ်လုံး၊ Laptop တစ်လုံး၊ ဆိုင်ကယ်နှစ်စီး၊ အခြားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုမှန်သမျှတို့တွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် လုံးဝအမြစ်ပြတ်ပပျောက်သွားစေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


