ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး သြဂုတ် ၉

ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက “ရှမ်းပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ မီးဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေဘေး၊   မိုးသီးကြွေဘေး၊ မိုးကြိုးဘေး၊ တိုက်ပွဲရှောင်ဘေးနှင့် အခြားဘေးအပါအဝင် ဘေးအန္တရာယ်ပေါင်း ၂၂၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၁၀၅၂၆ ကျော် လူဦးရေ ၄၅၂၉၁ ကျော် ဘေးဒဏ်ခံစားခဲ့ရပြီး သေဆုံးသူ ၆၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၆ ဦး ရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၈၃၂ သိန်း ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ယခု မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ရပ်စောက်၊ ကျောက်မဲနှင့် တာချီလိတ်မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သလို ရေဘေးသင့်ပြည်သူများကိုလည်း ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း၍ ဆန်ရိက္ခာ ထောက်ပံ့မှုများလည်း ဆောင်ရွက်ထားရှိကြောင်း၊ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ ရှမ်းပြည်နယ်အတွင်း သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည့်နည်းတူ သဘာဝဘေး လုပ်ငန်းကော်မတီများ အနေဖြင့်လည်း သက်ဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်” ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များက အသီးသီးရှင်းလင်းတင်ပြကြပြီး Video Conferencing  ဖြင့် ခရိုင် ၂၁ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲများက ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)