ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဧပြီ ၂  

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဂတိလိုက်စား မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးနှင့် လူမှုရေးဆိုင်ရာအဖွဲ့အစည်း တန်ဖိုးများ၊ လိုက်နာ စောင့်ထိန်းကျင့်သုံးရမည့် ကျင့်ဝတ်စာရိတ္တဆိုင်ရာ ဝတ္တရားများ၊ တရားမျှတမှုဆိုင်ရာ တန်ဖိုးများကို ပျက်စီးစေလျက်ရှိပါကြောင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအပေါ် ဆိုးကျိုးသက်ရောက်စေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှ စ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်လာစေရန် အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတစ်ခု ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။

 

အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူမှုအဖြစ်သာ မှတ်ယူနေပါကြောင်း၊ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူမှုထက် များစွာကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစား ပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် အသုံးပြုခြင်း၊ မလျော်ဩဇာသုံး၍ စီမံခန့်ခွဲခြင်း၊ ဆွေမျိုးကောင်းစားရေး၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးအတွက် ကျင့်သုံးဆောင်ရွက်ခြင်း တို့အပြင် မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်းစသည့် အကြောင်းအရာ ဆောင်ရွက်ချက်များသည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြုအမူဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊ အချုပ်အားဖြင့် အဂတိ လိုက်စားမှုသည် မိမိကိုယ်ကျိုးစီးပွားအတွက် ကိုယ်ကျင့်တရား ပျက်ယွင်းမှုမှ စတင်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ် (၃) ရပ်ဖြင့်‌ ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်း သောအစိုးရ (Clean Government) ဖြစ်ပေါ်ရေး အတွက် အမျိုးသားတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာ သူများက သိရှိလိုသည့်အချက်များကို မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

အခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အဆင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်သည် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ (၁) တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့- CPU အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး CPU အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)