ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၇,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၇,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ တောင်ကြီး - မိတ္ထီလာသွား ကားလမ်း၊ မြို့ဝင်တိုးဂိတ်အနီးတွင် တောင်ကြီးမှ ကလောဘက်သို့ အောင်မျိုးထွန်း (ခ) အောင်မျိုး မောင်းနှင်ပြီး သွင်ဇာအောင် လိုက်ပါလာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်