ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၁  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ်ကျေးရွာရှိ ဦးအားချာ ၏နွားမွေးမြူရေးခြံကို သတင်းအရ ရှာဖွေရာ ခြံစောင့်လုပ်သား မအားချာ နှင့် မနာထီး တို့ ၂ ဦးကို ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၀၀ ရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီတွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာ အုပ်စု၊ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် ဦးအားချာ ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်