ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းကျေးရွာ၊ အမှတ် (၁/၃၆၉) နေ စိုင်းလုံ (၄၁) နှစ်၏ နေအိမ်ကို သတင်းအရရှာဖွေရာ ၎င်းနှင့်အတူ စိုင်းရီ (၂၇) နှစ်အား တွေ့ရှိပြီး နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး (အလေးချိန် ၉၂ ဒသမ ၇၅ ကီလို)၊ ဘိန်းဖြူမှုန့် အလေးချိန် သုည ဒသမ ၃ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလို၊ M-16 သေနတ်၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက်လုံးပြူး လေသေနတ် ၁ လက်၊ ပစ္စတို လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃,၃၇၆ တောင့်နှင့် ဆက်စပ် ပစ္စည်းများနှင့်အတူ မော်တော်ယာဉ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်