ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄,၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄,၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ၂၂ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ မောင်က ကို စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၃,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ကိုကိုလင်း(ခ)လင်းလင်း အား ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၈၅ ကီလို၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အလားတူ လူငယ်များကို အန္တရာယ်ဖြစ်စေမည့်  စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်