ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုးဆန်သည့် အဲန်လူမျိုးများ

 

အောင်ဇင်မြင့် (ပြန်/ဆက်)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင်ကျေးရွာမှာ  အဲန်လူမျိုးအများစု နေထိုင်ကြပါတယ်။ အဲန်လူမျိုးတွေဟာ အနက်ရောင်ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်ပြီး ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြကာ သွားမည်းမှလှတယ်လို့ ယူဆကြတဲ့အတွက်သူတို့ရဲ့သွားတွေကို မည်းနေအောင် ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးတွေနဲ့ ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးတွေရဲ့ ရှေးကျတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိကဆွဲဆောင်နေပါတယ်။

 

သူတို့ရဲ့သွားတွေကို မည်းအောင်မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင်မှိုင်းတိုက်ပြီးသွားတွေကို သူတို့ရဲ့အသက် (၁၂)၊ (၁၃) နှစ် အရွယ်မှာကတည်းက စတင်သုတ်လိမ်းကြပြီး သစ်ရွက်ခြောက်၊ ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစ်စေဝါးလေ့ရှိပါတယ်။ အမျိုးသား အမျိုးသမီးအားလုံး နားပေါက်ဖောက်ကြကာ သူတို့ရဲ့ရိုးရာပွဲနေ့တွေမှာ ပန်းတွေထည့်ပန်ကြပြီး ငွေလက်ကောက်တွေ အမြဲဝတ်ဆင်ကာ ဖိနပ်လည်း စီးလေ့မရှိတဲ့ သူတို့ရဲ့ လူနေမှုပုံစံတွေက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

 

အဲန်လူမျိုးတွေဟာ တောင်ယာစပါး၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနဲ့ အမဲလိုက်ခြင်းတို့ကို အဓိကလုပ်ကိုင် ရပ်တည်နေထိုင်ကာ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီသန့်နေထိုင်ရာ ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။ အဲန်လူမျိုးတွေဟာ တောစောင့်နတ်၊ တောင်စောင့်နတ်နဲ့ သေဆုံးသွားတဲ့ ဘိုးဘေးနတ်တွေကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ရိုးရာနတ်ပွဲကို ဆောင်းအကုန် နွေအကူးကာလမှာ အမဲလိုက်ကြပြီး ရရှိလာတဲ့သားကောင်နဲ့ ပူဇော်ပွဲပြုလုပ်ကြပါတယ်။ ရွာထဲမှာ လူမျိုးတွေရဲ့ ရိုးရာနတ်စင်တစ်စင်ကို တွေ့ရှိရမှာဖြစ်ပြီး ရွာရဲ့ နတ်ဆရာအိမ်မှာ သူတို့ပူဇော်နေတဲ့ နတ်ကိုခေါ်ဖို့ ဗုံကြီးတစ်လုံးရှိပါတယ်။ အဲဒီဗုံကြီးကို ရိုးရာနတ်ပူဇော်ပွဲမှာ အမျိုးသားတွေသာ တီးကြရပြီး ဗုံတီးပူဇော်ခြင်းဖြင့် ရွာထဲကို မကောင်းဆိုးရွားတွေ မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက သူတို့ကိုမတွန်းလှန်နိုင်ကြောင်းနဲ့ ဆန်ရေစပါးပေါကြွယ်ဝကြောင်း ယုံကြည်ကြပါတယ်။

 

အဲန်လူမျိုးတွေဟာ အဲန်ကိုယ်ပိုင်ဘာသာစကားနဲ့ ရှမ်းဘာသာစကားကို အဓိကပြောဆိုကြပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဲန်ရွာစုစုပေါင်း ၄၀ မှာ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။

 

အဲန်လူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင်အုပ်စု တစ်စုဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ စာရင်းဝင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုမှာ အဲန်လူမျိုးတွေနေထိုင်တဲ့ နမ့်လင်မိုင်၊ နမ့်လင်းကောင်၊ ပါးလို့၊ ပါကျော့၊ ပန်လေ၊ ဝမ်နောင်၊ တပ်ထပ်၊ ဝခါးစတဲ့ ကျေးရွာ ခုနစ်ရွာရှိပြီး မိုင်းလန်းကျေးရွာအုပ်စုမှာ တစ်ရွာ၊ မိုင်းခတ်မြို့နယ်မှာ ၁၃ ရွာ မိုင်းဖြတ်မြို့နယ်မှ လေးရွာတွေ့ရှိရပါတယ်။

ယခုအခါမှာ အဲန်လူမျိုးအများစု နေထိုင်ရာရွာလေးကိုတော့ အစိုးရက ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောင်ရွက်ပေးထားပြီဖြစ်ပေမယ့် ရှေးရိုးရာလူနေထိုင်မှုကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

 

ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်ကြတဲ့ အဲန်လူမျိုးတွေရဲ့ အလေ့အထကတော့ လေ့လာဖို့ကောင်းတဲ့အတွက် ကျိုင်းတုံဒေသကို အရောက်သွားဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။