ရှမ်းပြည်နယ်အတွင်း ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရေး အားပေးမြှင့်တင်

နေပြည်တော် ဇွန် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၏ အနောက်မြောက်ဖက် (၆)မိုင်ခန့်အကွာ၊ ဝမ်ပုံကျေးရွာ အနီးတွင်တည်ရှိသည့် ဝမ်ပုံရေလှောင်တမံ၏ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် စိုက်ပျိုးမြေ (၁၁၆)ဧက စိုက်ပျိုးရေ ပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် “ချယ်ရီ” ဝက်မွေးမြူရေးခြံ၏ မွေးမြူရေးခြံ (၅)ခြံအတွင်း ဝက်အကောင်ရေ (၆၀၀) မွေးမြူထားရှိမှုနှင့် “ဝင်း” ကြက်မွေးမြူရေးခြံ၏ ကြက်ခြံ (၃)ခြံတွင် ဥစားကြက်အကောင်ရေ (၁၄၂၀၀) မွေးမြူထားရှိမှု၊ နေ့စဉ်ပျမ်းမျှ ကြက်ဥ (၈၀၀၀)ကို မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေမှု၊ မက္ကဒေးမီးယားပင်များ စိုက်ပျိုးထားရှိမှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လင်းခေးခရိုင်၊ လင်းခေမြို့နယ် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်ပဲပုပ်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ပဲပုပ်နှင့်ပတ်သက်သော တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆီထုတ်လုပ်ပြီး ထွက်ရှိလာသည့် ကြိတ်ဖတ်ကို မွေးမြူရေးတိရစ္ဆာန်အစာအဖြစ် လိုအပ်ချက်မြင့်မားလျက်ရှိမှုနှင့် ဈေးကွက်အလားအလာများ၊ ဆီထွက်ပဲပုပ်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် နည်းပညာနှင့် လိုအပ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးပြောကြားပြီး ပဲပုပ်တောင်သူများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများကို ဆီထွက်ပဲပုပ်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်သည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်